မန္တလေးခရိုင် အမရပူရမြို့နယ်တွင် ရတနာ့ဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲတော်ကို
ဝါခေါင်လပြည့်ကျော် ၈ ရက် သြဂုတ်လ ၂၆ ရက်မှ ဝါခေါင်လကွယ် စက်တင်ဘာ ၁ ရက်ထိ
ခုနှစ်ရက် တိုင်တိုင် ကျင်းပလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။
ရတနာ့ဂူဘုရားကို မြန်မာသက္ကရာဇ် ရ၄၂ ခုနှစ်တွင် အင်းဝဘုရင် မင်းကြီး စွာစော်ကဲက
အမရပူရ မြို့နယ်၊ ငယ်တိုးကျေးရွာတွင် တည်ထားခဲ့ပြီး နှစ်စဉ် ဗုဒ္ဓပူဇနိယဆွမ်းလောင်းပွဲ
ကျင်းပခဲ့သည်။
သက္ကရာဇ် ၁၁၈၅ ခုနှစ် ဘကြီးတော်မင်းလက်ထက်တွင် အမရပူရ မြို့တွင် မီးအကြီးအကျယ်
လောင် ကျွမ်းခဲ့ပြီး မြို့သူမြို့သားများ စိတ်မချမ်းသာဖြစ်နေကြသည်ကို ပြေပျောက်စေရန်
နန်းမတော် မယ်နုနှင့် မောင်တော် စလင်းမြို့စား မောင်အိုတို့က ကြီးကြပ်ပြီး မတ္တရာမြို့နယ်
တောင်ပြုံးပွဲအပြီး နတ်ထိန်း၊ နတ်အုပ်၊ နတ်ကတော် များအားဖိတ်ကြားကာ ရတနာဂူ
ဘုရားပွဲတော်၊ ပုပ္ပားမယ်တော်ကြိုပွဲ ကျင်းပပေးခဲ့ရာမှ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ရတနာဂူနတ်ပွဲ အထက်နန်းနှင့် အောက်နန်းတို့သို့ ငှက်လှေစီးကာ သွားလာပြီး ရေပက်
ကစားကြသကဲ့သို့ အမရပူရမြို့နယ်၊ စစ်ကိုင်း- မန္တလေးလမ်း ငယ်တိုးရွာထိပ်မှ ရတနာ့ဂူ
ဘုရားအထိ မန္တလေး၊ စစ်ကိုင်း၊ အမရပူရတို့မှ မြန်မာ့ရိုးရာ ကရေကရာဆိုင်များ၊ ရှမ်းပြည်နယ်ထွက်
ရှောက်ပန်းသီးဆိုင်များ၊ ဝါးခမောက်ဆိုင်များ၊ လယ်ယာ လုပ်ငန်းသုံးပစ္စည်းဆိုင်များ၊ ကလေး
ကစားစရာဆိုင်များဖြင့် တိုး၍ မပေါက်အောင် စည်ကားလျက်ရှိကြောင်း သိရသည်။










