''ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ'' ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ကြေညာ

''ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ'' ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ကြေညာ

 

ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၃၁ ရက်နေ့စွဲဖြင့် ''ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)
ရာစုပင်လုံ''အားထောက်ခံကြိုဆိုကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကိုနေပြည်တော်၌ ၂ဝ၁၆ ခုနှစ်၊
သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ညီလာခံသို့ ပြည်ထောင်စုအစိုးရအဖွဲ့၊
လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများ ပါဝင်သည့်အဖွဲ့နှင့်
အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံသည် (၂၁)ရာစု မြန်မာ့နိုင်ငံရေးအခြေအနေအရ
ပေါ်ပေါက်လာခြင်းဖြစ်ပြီး ''နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရန်၊
ပြည်တွင်းငြိမ်းချမ်းရေးမှတစ်ဆင့်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန်အထိ
ရည်ရွယ်ပြီး တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေး၊ တန်းတူ ညီမျှရေးတို့အတွက် ဆောင်ရွက်သွားမည့်
အရေးကြီးသည့်လုပ်ငန်းစဉ်''ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ပါဝင်သင့်၊ ပါဝင်ထိုက်သော ပုဂ္ဂိုလ်များ၊
အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆွေးနွေးကြပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး
အတွက် မဟာဗျူဟာမြောက်ဖြေရှင်းချက်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု
ပင်လုံကို ပြည်ထောင်စုလွှတ်တော်က လှိုက်လှဲစွာ ထောက်ခံကြိုဆိုပါကြောင်း ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြထားသည်။