စင်ကာပူနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီးရောက်ရှိလာသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်းအား စင်ကာပူအမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို
သြဂုတ်လ ၃ဝ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင်က
ဖော်ပြထားသည်။
ဘန်ကီမွန်း၏ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြံုရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ
တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့်
အနေဖြင့် အဆိုပါ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို စင်ကာပူသမ္မတ၊ စင်ကာပူအမျိုးသားတက္ကသိုလ်
အဓိပတိ တိုနီ တန်ကန်ယမ်းက ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ဘန်ကီမွန်း၏
ခေါင်းဆောင်မှုသည် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားအားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင်
အထောက်အကူဖြစ်ခဲ့ကြောင်း၊ ယနေ့လူသားများ ရင်ဆိုင်ကြံုတွေ့နေရသည့် စိန်ခေါ်မှုများကို
ဖြေရှင်းရန် ဘန်ကီမွန်း၏ ကြိုးစားအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း စင်ကာပူအမျိုးသား
တက္ကသိုလ် ပါမောက္ခချုပ် တန်ချိုချွမ်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ယောက်အနေဖြင့် ကုလသမဂ္ဂ
အဖွဲ့ကြီး၏ တုံ့ပြန်ဆောင်ရွက်ချက်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်သာမက
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်အောင်လည်း ကြိုးစားခဲ့ကြောင်း၊ လူသားချင်း
စာနာရိုင်းပင်းကူညီမှုများ ပိုမိုလိုအပ်နေသကဲ့သို့ နိုင်ငံများကြားတွင်လည်း စည်းလုံး
ညီညွတ်မှုများ လိုအပ်နေကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးကို
ဖန်တီးရမည်ဖြစ်ကြောင်း၊ စင်ကာပူ အမျိုးသားတက္ကသိုလ်၏ ချီးကျူးဂုဏ်ပြုမှုကိုကျေးဇူးတင်ကြောင်း
ဘန်ကီမွန်းက ပြန်လည်ပြောကြားခဲ့သည်။










