ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နယ်မြေအားဖြင့်
ကျယ်ဝန်းခြင်းကြောင့် ပြန််လည်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်
နယ်မြေပိုင်းခြားမှုများပြုလုပ်ကာ အဖွဲ့ငါးဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၃၁ ရက်နေ့က ဖော်ပြထားသည်။
ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊
အပျက်အစီးစာရင်းများကို ယခင်က တိတိကျကျကောက်ထားခြင်းမဟုတ်ဘဲ အလျင်အမြန် ကောက်ခဲ့ရသည့်
အတွက် ပျက်စီးသွားသော စေတီများတွင် မည်သည့်နေရာ၌ မည်သို့ပျက်သည်၊ အင်္ဂတေပိုင်းများ
မည်သို့ကွာကျသည်များကို မှတ်တမ်းတင်ရန် ဆောင်ရွက်နေကြောင်း၊ အင်ဂျင်နီယာများနှင့် ရှေးဟောင်း
သုတေသနဌာနမှ တာဝန်ရှိသူများ ပူးပေါင်းကာ စာရင်းအတိအကျဖြစ်ရေးအတွက် ဒရုန်းဖြင့် ကြည့်ရှုကာ
မည်သည့်အရာများကို ထိန်းသိမ်းမှု အမြန်လုပ်သင့်သည်ကို မှတ်ချက်ပေးသွားမည်ဖြစ်ကြောင်း
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က
ပြောကြားခဲ့သည်။










