နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့သည်
သြဂုတ်လ ၃၀ ရက်နေ့ညနေတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌တွေ့ဆုံ
ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၃၀ ရက်နေ့က ဖော်ပြထားသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအပေါ်
ကုလသမဂ္ဂမှ ဆက်လက်ကူညီပံ့ပိုးရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်
အသင့်ရှိမှု၊ လူ့အခွင့်အရေး နှင့် လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များ၊ ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့်
ကုလသမဂ္ဂအကြား လက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်းက မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ရှေးဟောင်းသာသနိက
အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ ရှိခဲ့သည့်အတွက်
များစွာဝမ်းနည်းမိကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတ
ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော
အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးလုပ်ဆောင် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ပြည်နယ်
အတွင်းပြဿနာများကို စောင့်ကြည့်စစ်ဆေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်ဖွဲ့စည်းမှုကို ၀မ်းသာမိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ
ပြည်သူများ၏ နိမ့်ကျနေသော စီးပွားရေးနှင့် လူမှုရေးအခြေအနေများအရ လူသားချင်း
စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ငြိမ်းချမ်းရေးရရှိရန်လည်း လိုအပ်ပါကြောင်း
မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။










