မြန်မာ-ထိုင်း နယ်စပ်ဂိတ် (၃) ခုတို့တွင် စက်တင်ဘာ (၁) ရက်မှစ၍ eVisa ဖြင့် ပြည်ဝင်ခွင့်ပြုမည်

မြန်မာ-ထိုင်း နယ်စပ်ဂိတ် (၃) ခုတို့တွင် စက်တင်ဘာ (၁) ရက်မှစ၍ eVisa ဖြင့် ပြည်ဝင်ခွင့်ပြုမည်

မြန်မာ-ထိုင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့်
ကော့သောင်းတို့ရှိ လူဝင်မှုစစ်ဆေးရေးဂိတ်များမှ online စနစ် eVisa ဖြင့် ကမ္ဘာလှည့်ဗီဇာ
(Tourist Visa) နှင့် လုပ်ငန်း ဗီဇာ(Business Visa) တို့အား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၁)
ရက်မှစ၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၃၁ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါဗီဇာများနှင့် အသေးစိတ်သိရှိလိုပါက http://evisa.moip.gov.mm တွင်
ကြည့်ရှု့လေ့လာနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနမှ သိရသည်။ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနသည်နိုင်ငံတော်၏ ပြောင်းလဲ တိုးတက်လာသည့် အခြေအနေများနှင့်အညီ
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် နိုင်ငံပေါင်း (၁၀၀) မှ ကမ္ဘာလှည့်ခရီးသည်များ
အတွက် online မှ Visa လျှောက်ထားသည့် eVisa စနစ်ဖြင့် ကမ္ဘာလှည့် ဗီဇာ (Tourist Visa) ကို
၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်
နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆက်လက်ခွင့်ပြုပေးခဲ့သည်။ ထို့ပြင်
မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ရင်းနှီးလုပ်ကိုင်လိုသော နိုင်ငံ‌ပေါင်း (၅၁) နိုင်ငံမှ
စီးပွားရေးလုပ်ငန်းရှင်များအတွက် online စနစ် e Visa ဖြင့် လုပ်ငန်းဗီဇာ (Business Visa)ကို
၂၀၁၅ ခုနှစ်၊ ဇူလိုင် (၁) ရက်မှ စ၍ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ
လေဆိပ်တို့တွင် ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။