သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်များအား စက်တင်ဘာ ၁ ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည်

သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်များအား စက်တင်ဘာ ၁ ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည်

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်သည့်
ယာဉ်များကို တည်ဆဲ မော်တော်ယာဉ်ဥပဒေ၊ အမြန်လမ်းဥပဒေများဖြင့် ၂ဝ၁၆ ခုနှစ်
စက်တင်ဘာ ၁ ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃၁ ရက်နေ့က ဖော်ပြထားသည်။

ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက် မှ စတင်ကာ အမြန်နှုန်းပိုမောင်းသော
ယာဉ်များကို ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း၊ ပညာပေးကာလတွင် ဝန်ခံကတိထိုးခြင်းမှ
လွဲ၍အရေးယူမှုများ မပြုခဲ့သော်လည်း ယခုအခါတွင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူ
သွားမည် ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရဲမှူးက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဖြတ်သန်းမောင်းနှင်လျက်ရှိသည့်
မော်တော်ယာဉ်များ ယာဉ်မတော်တဆမှုကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီး
ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်ထားသော ၁ နာရီ ကီလိုမီတာ
၁ဝဝ၊ မိုင် ၆ဝ နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်များအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့က
အရှိန်နှုန်းတိုင်းကိရိယာများဖြင့် အသုံးပြုတိုင်းတာစစ်ဆေး အရေးယူဆောင်ရွက်ခြင်း၊ ပညာပေး
ခံဝန်ကတိထိုးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၉ ရက်အထိ
EXPRESS ယာဉ် ၁ဝ စီး၊ သတ်မှတ်ကုန်စည်တင် ယာဉ် ၁၈ စီးနှင့် ကိုယ်ပိုင်ယာဉ်ငယ် ၁၂၈၅ စီးတို့အား
ပညာပေးစစ်ဆေးဆောင်ရွက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်၍ ဥပဒေအရ
ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။