ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့်
ယာဉ်များကို တည်ဆဲ မော်တော်ယာဉ် ဥပဒေ၊ အမြန်လမ်းဥပဒေများဖြင့် ၂ဝ၁၆ ခုနှစ်
စက်တင်ဘာ ၁ ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃၁ ရက်နေ့ ကဖော်ပြထားသည်။
ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက် မှ စတင်ကာ အမြန်နှုန်းပိုမောင်းသော
ယာဉ်များကို ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း၊ ပညာပေးကာလတွင် ဝန်ခံကတိထိုးခြင်းမှလွဲ၍
အရေးယူမှုများ မပြုခဲ့သော်လည်း ယခုအခါတွင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်
ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးက ပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဖြတ်သန်းမောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်များ
ယာဉ်မတော်တဆမှု ကင်းရှင်းစေရေး အတွက် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်
ကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်ထားသော ၁ နာရီ ကီလိုမီတာ ၁ဝဝ၊ မိုင် ၆ဝ နှုန်းထက်
ပိုမိုမောင်းနှင်သည့် ယာဉ်များအား အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အရှိန်နှုန်းတိုင်း ကိရိယာများဖြင့်
အသုံးပြုတိုင်းတာ စစ်ဆေးအရေးယူဆောင်ရွက်ခြင်း၊ ပညာပေး ခံဝန်ကတိ ထိုးခြင်းများ
ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၉ ရက်အထိ EXPRESS ယာဉ် ၁ဝ စီး၊
သတ်မှတ်ကုန်စည်တင် ယာဉ် ၁၈ စီးနှင့် ကိုယ်ပိုင်ယာဉ်ငယ် ၁၂၈၅ စီးတို့အား ပညာပေး
စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်၍ ဥပဒေအရ ဖမ်းဆီးအရေးယူတော့မည်
ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။









