အထက်မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များ ခန့်မှန်းသိရှိနိုင်ရန်
တပ်ဆင်ထားသည့် ငလျင်တိုင်းတာစက်များမှ ကနဦးရလဒ်အဖြေများကို လာမည့် နိုဝင်ဘာလတွင်
သုတေသနပြု သိရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့်
(မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန တွဲဖက်ပါမောက္ခ) က ပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃၁ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ ငလျင်တိုင်းစက်တပ်ဆင်မှု စီမံကိန်းအရ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်
မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန၊ မြန်မာ နိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့်
Institude of Geology and Geophysics, Chinese Academy of Science အဖွဲ့တို့ ပူးပေါင်း၍
စက်အလုံးရေ ၆၅ လုံး တပ်ဆင်မည်ဖြစ်ရာ ယခုအခါ ၄၅ လုံး တပ်ဆင်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသော
အလုံး ၂၀ ကို ဆောင်းရာသီတွင် အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်တိုင်းတာရေးစက်များမှ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရှိ ငလျင်လှုပ်ခတ်နိုင်မှု
အလားအလာများ၊ အနာဂတ်တွင် လှုပ်ခတ်လာနိုင်မည့် ငလျင်အခြေအနေများ၊ လှုပ်ခတ်မည့်
နေရာများ အချက်အလက်များအား သုတေသနရလဒ်တစ်ခုအဖြစ် ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ
ငလျင်အန္တရာယ်ပြ မြေပုံရေးဆွဲသည့်အခါ ပိုမိုပြည့်စုံသော ပြင်ဆင်မှုများလည်း
လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။










