ငလျင်ကြောင့် ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ရန် ဟွာဝေးမှ သိန်း ၁၀၀၀ ဖိုးရှိ ပစ္စည်းများ လှူဒါန်းမည်

ငလျင်ကြောင့် ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ရန် ဟွာဝေးမှ သိန်း ၁၀၀၀ ဖိုးရှိ ပစ္စည်းများ လှူဒါန်းမည်

မြန်မာနိုင်ငံအလယ်ပိုင်း၌ ဩဂုတ်လ ၂၄ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ
မြေငလျင်တစ်ခု ဖြစ်ပွားခဲ့မှုကြောင့် မြန်မာ့သမိုင်းဝင်အဖိုးတန် ယဉ်ကျေးမှုနယ်မြေများတွင်
ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ သက်ဆိုင်ရာက လိုအပ်သည့် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန်
Huawei P9 မော်ဒယ်အလုံး ၁၀၀ နှင့်တကွ မြန်မာငွေကျပ်သိန်း ၅၀၀ စုစုပေါင်း ငွေကျပ်
သိန်း ၁၀၀၀ တန်ဖိုးရှိ အထောက်အပံ့များ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃၁ ရက်နေ့က ဖော်ပြထားသည်။

နိုင်ငံ၏ အမှတ်လက္ခဏာသဖွယ်ဖြစ်သော ရှေးဟောင်းသမိုင်းဝင် အဖိုးတန်နယ်မြေများတွင် ယခုကဲ့သို့
ပျက်စီးထိခိုက်ခဲ့သည့်အတွက် မူလအတိုင်း ရိုးရာမပျက်ပြန်လည်ပြုပြင်မွမ်းမံ၊ ထိန်းသိမ်းစောင့်ရှောက်
သွားနိုင်ရန် လှူဒါန်းမှု မတည်ငွေများမှတစ်ဆင့် လူတစ်ဦးချင်းစီအလိုက်သာမက အဖွဲ့အစည်းကြီးများ
ကိုပါ အားပေးကူညီသွားမည်ဖြစ်ကြောင်း Huawei Technologies (ရန်ကုန်) ကုမ္ပဏီလီမိတက်၏
အမှုဆောင် အရာရှိချုပ် Mr. Zhang Liman က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံဒေသတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်တွင် ရာစုနှစ်ပေါင်းများစွာ
သက်တမ်း ကြာမြင့်နေပြီဖြစ်သော ဘုရားကျောင်းတော်များ၊ စေတီနှင့် စွယ်တော်များအပါအဝင်
များစွာသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် အဆောက်အအုံပိုင်းဆိုင်ရာ၌
ပျက်စီးထိခိုက်မှုများ ရှိခဲ့သည့်အတွက် ပြန်လည်မွမ်းမံရန် Huawei က လှူဒါန်းခြင်းဖြစ်ကြောင်း
သိရသည်။