အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရာတွင် လက်မှတ်ရေးထိုး၍ လိုင်စင်ကြေးသာယူပြီး
ကိုယ်တိုင် ကြီးကြပ်ခြင်း မရှိသော အင်ဂျင်နီယာများအား ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ထိရောက်စွာ
အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က
သြဂုတ်လ ၃၁ ရက်နေ့ညနေပိုင်းတွင် ကျင်းပခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရေးအစည်းအဝေးတွင်
ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁ ရက်နေ့က ဖော်ပြထားသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းအနေဖြင့် မှတ်ပုံတင်အင်ဂျင်နီယာ၊ အကြီးတန်းမှတ်ပုံတင်
အင်ဂျင်နီယာနှင့် အင်ဂျင်နီယာ ပညာရှင်ဟူ၍ လိုင်စင်ရအင်ဂျင်နီယာသုံးမျိုး သတ်မှတ်ထုတ်ပြန်လိုက်ပြီ
ဖြစ်ကြောင်း၊ မုတ်ပုံတင်အင်ဂျင်နီယာများသည် မည်သည့် အဆောက်အအုံကိုမျှ ဦးဆောင်
အင်ဂျင်နီယာအဖြစ် ဆောက်လုပ်ခွင့်မရှိဘဲ လက်ထောက်အနေဖြင့်သာ ဆောင်ရွက်ခွင့်ရှိကြောင်း၊
အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာ တစ်ဦးအနေဖြင့် ရှစ်ထပ်လူနေ အဆောက်အအုံကိုသာ
တာဝန်ယူဆောက်လုပ်ခွင့်ရှိကြောင်း၊ နှစ်ထပ်ကျောင်း၊ စျေးနှင့် တစ်ထပ်အားကစားရုံများကို
တာဝန်ခံ အင်ဂျင်နီယာအဖြစ် ဆောက်လုပ်ခွင့် မရှိကြောင်း၊အင်ဂျင်နီယာ ပညာရှင်အဆင့်မှသာလျှင်
အဆောက်အအုံအားလုံးကို တာဝန်ယူ တည်ဆောက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများအနေဖြင့် မိမိတို့ တာဝန်ယူဆောက်လုပ်သော
အဆောက်အအုံများကို သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော မှတ်ပုံတင်အင်ဂျင်နီယာများဖြင့်သာ
ဆောက်လုပ်သင့်ကြောင်း၊ အင်ဂျင်နီယာမပါဘဲ ဆောက်လုပ်သော အဆောက်အအုံများ
များပြားလာ၍ အရည်အသွေးမှာလည်း ကျဆင်းလာကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားသော လိုင်စင်ရ အင်ဂျင်နီယာအရေအတွက်မှာ
၁၂ဝဝ ခန့်သာ ရှိကြောင်း သိရသည်။









