ကျွန်းနှင့် သစ်မာပင်များကို နေအိမ်ခြံအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထိန်းသိမ်းသူများအနေဖြင့်
နီးစပ်ရာ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိပါက လိုအပ်သည့် စိုက်ပျိုးနည်းပညာများကိုပါ
ကူညီပံ့ပိုးမည်ဖြစ်ကြောင်းနှင့် သစ်ထုတ်သုံးစွဲခွင့် ရရှိစေရန် ဥပဒေပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း
ပြောရေးဆိုခွင့်ရှိသူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁ ရက်နေ့က
ဖော်ပြထားသည်။
လက်ရှိတွင်လည်း ဝန်ကြီးဌာနသို့ လိပ်မူ၍ အိမ်ခြံအတွင်း သစ်မာစိုက်ပျိုးထိန်းသိမ်းသူများအနေဖြင့်
မိမိခြံတွင်းမှ သစ်ထုတ်ယူသုံးခွင့်အား လျှောက်ထားနိုင်ပြီး ထုတ်ယူခွင့် ပမာဏမှာ သစ်မာစိုက်ပျိုး
ထိန်းသိမ်းထားရှိမှုပေါ် မူတည်၍ ခွင့်ပြုပေးအပ်သည့် ရာခိုင်နှုန်းကိုသာ ထုတ်ယူသုံးစွဲနိုင်ကြောင်း၊
ကျွန်းပင်များသာမက ပန်းပုလုပ်ငန်းအသုံးပြုနိုင်သည့် ကျွန်းပင်ငုတ်တိုများကိုလည်း မှတ်ပုံတင်ပြီးမှသာ
ဖော်ယူသုံးစွဲခွင့်ပြုမည်ဖြစ်ပြီး မြေဆီလွှာထိန်းသိမ်းမှုများ၍ ကာဗွန်စုပ်ယူထိန်းသိမ်းထားနိုင်မှုများသည့်
ကျွန်းငုတ်တိုများကိုမူ ဖော်ထုတ်သုံးစွဲခွင့်မပြုကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးဦးကျသစ်ပင်စိုက်ရာသီတွင် ကျွန်းနှင့် သစ်မာပျိုးပင်ပေါက် ၁ဝ သန်းကို တိုင်းဒေသကြီးနှင့်
ပြည်နယ် အသီးသီး၏ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးပြီး ရှင်သန်ဖြစ်ထွန်းမှု
ပြန်လည်စိစစ်နိုင်ရန်နှင့် လာမည့်နှစ်တွင် ပြည်သူများစိုက်ပျိုးလိုသည့် ပျိုးပင်များကိုလည်း
စာရင်းမှတ်တမ်းတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်သစ်တောဥပဒေ၏ ပုဒ်မ ၈ တွင် ပါဝင်သည့်
မည်သည့် နေရာတွင်ဖြစ်စေ ပေါက်သည့် ကျွန်းပင်ကိုမဆို နိုင်ငံတော်က ပိုင်သည်ဆိုသည့်
အဓိပ္ပာယ် စာသားအား စိုက်ပျိုးထိန်းသိမ်းသူများ အကျိုးခံစားနိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲနေကြောင်း
သိရသည်။









