ရန်ကုန်-ဒလ မြစ်ကူး ကြိုးတံတား တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံက တင်ဒါအောင်မြင်သော ကုမ္ပဏီကို မကြာမီ အတည်ပြု ထုတ်ပြန်ကြေညာမည်

ရန်ကုန်-ဒလ မြစ်ကူး ကြိုးတံတား တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံက တင်ဒါအောင်မြင်သော ကုမ္ပဏီကို မကြာမီ အတည်ပြု ထုတ်ပြန်ကြေညာမည်

ရန်ကုန်-ဒလ မြစ်ကူးကြိုးတံတား တည်ဆောက်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ၌
တင်ဒါခေါ်ယူထားပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီကို မကြာမီတွင် အတည်ပြုထုတ်ပြန်
ကြေညာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၁ ရက်နေ့က ဖော်ပြထားသည်။

ရန်ကုန်-ဒလ မြစ်ကူးကြိုးတံတားစီမံကိန်းကို ၂ဝ၁၇ ခုနှစ်မှသာ စတင်အကောင်အထည်ဖော်
တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးရန် ရည်မှန်းထားကြောင်း၊ စီမံကိန်းအတွက်
ကုန်ကျမည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၃၈ သန်းမှ သန်း ၁၇ဝ ကြားတွင် ရှိပြီး လိုအပ်သော
တင်ဒါခေါ်ယူမှု အဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်နေပြီဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင်
တင်ဒါခေါ်ယူမှုအပိုင်းမှာ ပြီးစီးနေပြီဖြစ်၍ စီမံကိန်းလုပ်ပိုင်ခွင့် ရသည့် ကုမ္ပဏီကို မကြာမီ
ကြေညာပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

အဆိုပါတံတားကို တောင်ကိုရီးယားအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး
ကြိုးတံတား၏ အရှည်မှာ ၁၉၃၆ ပေရှိကာ လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊
တံတားတည်ဆောက်ရေးအတွက် မလွတ်ကင်းသော မြေနေရာများမှ မြေပိုင်ရှင်များကိုလည်း
ထိုက်သင့်သော လျော်ကြေးများ ပေးထားပြီးဖြစ်ကြောင်း သိရသည်။