အငှားယာဉ်ရပ်နားရန် Taxi Stand ပြုလုပ်မည့် နေရာများကို ကွင်းဆင်းလေ့လာနေကြောင်း
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဒေါက်တာ မောင်အောင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာလ ၁ ရက်နေ့က ဖော်ပြထားသည်။
လက်ရှိတွင် Taxi Stand လုပ်နိုင်မည့် နေရာများကို လိုက်လံကြည့်ရှု နေကြောင်း၊ ပန်းခြံကဲ့သို့
နေရာများတွင် နေရာအနည်းငယ်ယူလိုက်လျှင် Taxi Stand ပြုလုပ်၍ ရနိုင်ကြောင်း၊ မြို့တွင်း၌
ပတ်မောင်းပြီး ခရီးသည်လိုက်ရှာနေသော အငှားယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့စေသည့်
အတွက် အနည်းနဲ့ အများ လျော့ကျစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့်
အများပိုင်ယာဉ်လိုင်းများပြေးဆွဲခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့
အငှားယာဉ်များကိုလည်း City Taxi ယာဉ်များအဖြစ် ပြောင်းလဲခြင်း၊ အသင်းအဖွဲ့ပုံစံများ
တည်ထောင်ခြင်းနှင့် အငှားယာဉ်များ၌ GPS စနစ်တပ်ဆင်ခြင်းတို့ကိုလည်း
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော အငှားယာဉ်များထဲတွင်
မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၆ဝဝဝဝ ခန့်ရှိပြီး အဆိုပါယာဉ်များကို Taxi Stand များ
ပြုလုပ်ရပ်နားစေကာ ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။









