ငြိမ်းချမ်းရေးညီလာခံတွင် မီဒီယာများ သတင်းရယူမှု အဆင်ပြေသော်လည်း နေရာကန့်သတ်မှုရှိ

ငြိမ်းချမ်းရေးညီလာခံတွင် မီဒီယာများ သတင်းရယူမှု အဆင်ပြေသော်လည်း နေရာကန့်သတ်မှုရှိ

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပလျက်ရှိသည့်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားများ
သတင်းရယူရာတွင် မီဒီယာစင်တာ၌ အဆင်ပြေသော်လည်း အချို့နေရာများတွင် အခက်အခဲများ
ကြုံတွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ
၃ ရက်နေ့က ဖော်ပြထားသည်။

ငြိမ်းချမ်းရေးညီလာခံတွင် မီဒီယာကဏ္ဍအတွက် ပြုလုပ်ပေးထားသော မီဒီယာစင်တာမှာ
အဆင်ပြေကြောင်း၊ စားပွဲတိုင်းတွင်လည်း ကွန်ပျူတာတစ်လုံးစီ ထားရှိပြီး MPT မှ WiFi
လွှင့်ပေးထားတဲ့အတွက် အင်တာနက်ကော်နက်ရှင်ကောင်းပြီး သတင်းများ တိုက်ရိုက်လွှင့်တင်ရာတွင်
သာမက လူမှုကွန်ရက်ဖေ့စ် ဘုတ်သုံးရာတွင်ပါ အဆင်ပြေကြောင်း၊ သို့ရာတွင်
သတင်းတက်ရောက်ယူရန် တစ်တိုက်လျှင် ၁ဝ ဦးကျော်အထိ လာရောက်သည့်အတွက်
အဆင်မပြေမှု အနည်းငယ်ကြံုတွေ့ရကြောင်း၊ သတင်းယူရသည့် နေရာများတွင် လူဦးရေများနေပြီး
သတင်းယူရမည့်နေရာ ကျဉ်းနေသည့်အတွက် အခက်အခဲများကြံုတွေ့ ရကြောင်း၊
အဆိုပါအခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းသိမ်းပေးသင့်ကြောင်း၊
နောင်ပြုလုပ်မည့် အခမ်းအနားများတွင် သတင်းမီဒီယာများကို လူဦးရေကန့်သတ်ပြီး လိုသလောက်သာ
ထားသင့်ကြောင်း ငြိမ်းချမ်းရေးညီလာခံအတွင်း ထားရှိသည့် သတင်းမီဒီယာစင်တာတွင်
သတင်းရယူနေသည့် ဘီဘီစီသတင်းဌာနမှ သတင်းထောက် ကိုနေလင်းက ပြောကြားခဲ့သည်။

သတင်းမီဒီယာများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမနေ့တွင် သတင်းရယူမှုများ
အဆင်ပြေသော်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလာသည့် သတင်းဓာတ်ပုံ အချို့ကြောင့်
ညီလာခံနောက်ပိုင်းရက်များတွင် သတင်းရယူမှု နေရာကို သက်ဆိုင်ရာက ကန့်သတ်လိုက်သည့်
အတွက် သတင်းယူမှု ခက်ခဲလာကြောင်း သိရသည်။

Register လုပ်ခြင်း အပိုင်းတွင် အခက်အခဲများ တွေ့ရကြောင်း၊ ညီလာခံဖွင့်ပွဲရက်တွင် လိုချင်သော
နေရာမှ ရိုက်ခွင့်ရသဖြင့် အဆင်ပြေခဲ့သော်လည်း ကိုယ်စားလှယ်များ နားနေချိန်တွင် ရိုက်ထားသော
ပုံများမှာ အင်တာနက်စာမျက်နှာနှင့် ဖေ့စ်ဘုတ်တွင် တက်လာသောကြောင့် စက်တင်ဘာလ
၂ ရက်နေ့မှစပြီး မီဒီယာ ရိုက်ကူးခွင့်နေရာများကို သက်ဆိုင်ရာက ကန့်သတ်လိုက်ကြောင်း၊
ကိုယ်စားလှယ်များ၏ သဘောထား အမြင်များတင်ပြသည့် အပိုင်းတွင် အခန်းထဲအထိ
ဝင်ရောက်ရိုက်ကူးခွင့် မရှိတော့သည့်အတွက် ရုပ်သံမီဒီယာများအတွက် အခမ်းအနားကို
တိုက်ရိုက်ထုတ်လွှင့် ရိုက်ကူးရန် အခွင့်အလမ်း နည်းသွားကြောင်း နေရာကန့်သတ်မှုများနှင့်
ပတ်သက်ပြီး ဖီးနစ်တီဗွီမှ ရုပ်သံသတင်းထောက် ကိုအောင်လင်း၏ ပြောကြားချက်အရ သိရသည်။