လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် LDSC (Latter Day Saint
Charities) တို့ ပူပေါင်း၍ မကွေးမြို့တော်ခန်းမတွင် စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော
မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ခြေတုများနှင့် ပညာသင်ထောက်ပံ့ကြေး
ပေးအပ်ပွဲတွင် ခြေတုနှစ်ရာကျော်အား တပ်ဆင်လှူဒါန်းနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာလ ၃ ရက်နေ့က ဖော်ပြထားသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးမြင့်ဇော်၊ LDSC (Latter Day Saint Charities)
Mr. Michale Error တို့က ခြေတုရရှိသူများအား ခြေတုများ တပ်ဆင်ပေးပြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး
ဒေါ်ခင်နွဲ့ က အလယ်တန်း၊ အထက်တန်း အဆင့် ပညာသင်ဆုရရှိသူများကို ပညာသင်ဆုများ
ပေးအပ်ချီးမြှင့်ခဲ့ပြီး ခြေတုလက်ခံရရှိသူ ကိုယ်စားလှယ်တစ်ဦးနှင့် ပညာသင်ဆုရရှိသူ
ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင် စကားပြောကြားခဲ့ကြသည်။
ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) သည် မကွေးမြို့တွင် နှစ်လကြာ အခြေစိုက်၍ ခြေတုများ ပြုလုပ်
တပ်ဆင်ပေးခဲ့ရာ မကွေးတိုင်းဒေသကြီးအပါအဝင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ရှိ
မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ ခြေအင်္ဂါချို့တဲ့သူ ဒူးအောက် ၁၈၆ ချောင်းနှင့် ဒူးအထက် ၁၀ ချောင်းတို့
လှူဒါန်းနိုင်ခဲ့ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်။
ခြေတုများပြုလုပ်လှူဒါန်းနိုင်ရေးအတွက် ခြေတုပြုလုပ်သည့် ပညာရှင်များက စက်ပစ္စည်းကိရိယာများကို
ပြီးခဲ့သည့် ဇူလိုင် လဆန်းမှစ၍ မကွေးမြို့ ပညာသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် အခြေစိုက်ကာ
ခြေအင်္ဂါချို့တဲ့သူများနှင့် တွေ့ဆုံ၍ ဆေးစစ်ခြင်း၊ တိုင်းထွာခြင်းများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ
ခြေတုများအားလုံး ပြီးစီးပြီဖြစ်၍ အခမ်းအနားပြုလုပ်ကာ ခြေအင်္ဂါချို့တဲ့သူများအား အခမဲ့တပ်ဆင်
လှူဒါန်းခြင်းဖြစ်ပြီး ဒူးအောက်ခြေတု တစ်ချောင်းလျှင် ကျပ်နှစ်သိန်းကျော်ကုန်ကျပြီး ဒူးအထက်ခြေတု
တစ်ချောင်းလျှင် ကျပ် ၁၅ သိန်းကျော် ကုန်ကျစရိတ်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ ခြေအင်္ဂါ
ချို့တဲ့သူများအား အခမဲ့ခြေတုများ ပြုလုပ်လှူဒါန်းရန် ရည်ရွယ်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ အခြားတိုင်းနှင့်
ပြည်နယ်များမှ သတင်းကြား၍ လာရောက်ပြသခဲ့သူများကိုလည်း လှူဒါန်းပေးနိုင်ခဲ့ကြောင်း
ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တာဝန်ခံ ဦးတင့်ဝေလတ်၏ ပြောပြချက်အရ သိရှိရသည်။










