ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော်လွန်မောင်းနှင်သော
မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့တွင် မော်တော်ယာဉ်
(၂၆)စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၃ ရက်နေ့က ဖော်ပြထားသည်။
သတ်မှတ်အမြန်နှုန်းထက် ပိုမိုအရှိန်ပြင်းမောင်းနှင်သော မော်တော်ယာဉ်များကို စက်တင်ဘာလ
၂ ရက်နေ့ နံနက် (၇)နာရီ မှ ညနေ (၅)နာရီအတွင်း အရှိန်နှုန်းတိုင်းတာစက်များ အသုံးပြု၍
တိုင်းတာစစ်ဆေးခြင်းကို ပလွေးလမ်းမကြီးတွင် ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီး၍လည်းကောင်း၊
နေပြည်တော် တိုးဂိတ် (စီလမ်းဆုံ)တွင် အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးရန်နောင် ၀င်းဦးစီး၍ တပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းအဖွဲ့ဝင်များကလည်းကောင်း သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်
(၂၆) စီးကို ဖမ်းဆီးစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် မော်တော်ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲ
တင်ပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားစွဲ တင်ပို့ရာ၌ အရှိန်နှုန်းလွန်ယာဉ် (၁၃)စီးအား နေ့ချင်းပြီး တရားစွဲတင် ဒဏ်ငွေချမှတ်
အရေးယူခဲ့ပြီး ကျန် ယာဉ် (၁၃)စီးအား ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ ယာဉ်မောင်းများ ကိုယ်တိုင်
ဒဏ်ကြေးပေးဆောင်စေခြင်းဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ
ပြောကြားခဲ့သည်။










