ထူးချွန်မသန်စွမ်း မစုပုံချစ်နှင့် စောသူရအောင် လေ့လာရေးနှင့် ဆွေးနွေးပွဲများ တက်ရောက်ရန် ဆွီဒင်နိုင်ငံသို့ ထွက်ခွာ

ထူးချွန်မသန်စွမ်း မစုပုံချစ်နှင့် စောသူရအောင် လေ့လာရေးနှင့် ဆွေးနွေးပွဲများ တက်ရောက်ရန် ဆွီဒင်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ME(Thesis) IT တက်ရောက်နေသည့် မသန်စွမ်းကျောင်းသူ
မစုပုံချစ်သည် ဆွီဒင်နိုင်ငံအခြေစိုက် The National Council of Swedish Youth Organisations,
LSU ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ National Youth Congress (NYC) ကို ကိုယ်စားပြု၍
LSU ၏ Common Project ဖြစ်သည့် Meetings, Workshops, Study Visits များ
တက်ရောက်ရန် စက်တင်ဘာလ၂ ရက် နံနက် ၆ နာရီက PG ထိုင်းလေကြောင်းလိုင်းဖြင့်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့သို့ ထွက်ခွာသွားကြောင်း
ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၃ ရက်နေ့က
ဖော်ပြထားသည်။

မစုပုံချစ်နှင့် အတူ NYC ကိုယ်စားပြု ကိုဘော်စကို (ခ)စောသူရ အောင်လည်း လိုက်ပါသွားကြောင်း၊
၄င်းတို့သည် ဘန်ကောက်မြို့မှ တစ်ဆင့် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့သို့ ဆက်လက်ထွက်ခွာကြမည်
ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်အထိ ကျင်းပမည့် အစည်းအဝေး များကို တက်ရောက်ကြရမည်
ဖြစ်ကြောင်း သိရသည်။

မစုပုံချစ်သည် ညောင်တုန်းမြို့ (၁၁)လမ်း၊ လမ်းမတော်နေ ဒေါက်တာ အုန်းကျော်၊ ဒေါ်ခင်ဆွေလဲ့ တို့၏
သမီးဖြစ်ပြီး လက်နှစ်ဖက်စလုံး မပါသည့်အပြင် ဘယ်ခြေထောက်ကလေး တစ်ခုတည်းသာပါသူ
ဖြစ်သည်သော်လည်း အခြေခံပညာအဆင့် ပညာသင်ကြားခဲ့စဉ်ကတည်းက ထူးချွန်သူတစ်ဦး
ဖြစ်ရုံမျှမက ကြိုးခုန်၊ ဖန်ခုံ၊ ထုပ်ဆီးတိုး အားကစားမျိုးစုံတွင်လည်း သူများနည်းတူ ပါဝင်ကစားနိုင်သည်
သာမက အခြေခံပညာ အထက်တန်းကိုလည်း ထူးချွန်စွာ အောင်မြင်ခဲ့ပြီး
ရန်ကုန်နည်းပညာတက္ကသိုလ်တွင်လည်း ထူးချွန်အောင်မြင်စွာ ပညာသင်ကြားနေသူဖြစ်သည်။