ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍
Yangon ICT Fair(Computer and Mobile) Sep-2016 ကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌
စက်တင်ဘာလ၂ ရက်မှ စတင်ကျင်းပလျက်ရှိပြီး စက်တင်ဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာလ ၃ ရက်နေ့က
ဖော်ပြထားသည်။
ပြပွဲတွင် ပြည်တွင်းပြည်ပရှိ ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်း ပညာကုမ္ပဏီများ၊ အရောင်းဆိုင်များက
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး၊ ကွန်ပျူတာသုံး
ဆော့ဖ်ဝဲများ၊ မိုဘိုင်းအပလီကေးရှင်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အိုင်တီနည်းပညာဆိုင်ရာ
ဝန်ဆောင်မှုများကို ပြသလျက်ရှိပြီး ပြည်တွင်းမှ နည်းပညာကို စိတ်ဝင်စားသော ကျောင်းသား
ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် အိုင်တီနည်းပညာများ၊ မိုဘိုင်းနည်းပညာများနှင့်
ထုတ်ကုန်များကို လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကာ ၂ဝ၁၆ ခုနှစ်အတွင်း
ဒုတိယအကြိမ် ကျင်းပသည့် ပြပွဲလည်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အိုင်စီတီပြပွဲတွင် နည်းပညာကုမ္ပဏီနှင့် အရောင်း ဆိုင် ၆ဝ ကျော်က ပြခန်းပေါင်း
၁၅ဝ ကျော် ခင်းကျင်း၍ ပြသသွားမည်ဖြစ်ကာ ထုတ်ကုန်အမျိုးမျိုးကိုလည်း အထူးအစီအစဉ်၊ ကံစမ်းမဲ
အစီအစဉ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲတွင် မည်သည့် ဆိုင်မှမဆို ကျပ် သုံးသောင်းဖိုး
ဝယ်ယူပါက ကံစမ်းမဲရမည့် အစီအစဉ် အပါအဝင် တစ်ဆိုင်ချင်းအလိုက်
သီးခြားအထူးအစီအစဉ်များလည်း ပါဝင်မည်ဟု ဆိုသည်။









