Ford ကုမ္ပဏီက ကယားပြည်နယ်၊ မော်ချီးမြို့တွင် ကျောင်းဆောင်သစ် တည်ဆောက်ဖွင့်လှစ်ခဲ့

Ford ကုမ္ပဏီက ကယားပြည်နယ်၊ မော်ချီးမြို့တွင် ကျောင်းဆောင်သစ် တည်ဆောက်ဖွင့်လှစ်ခဲ့

Ford မော်တော်ကားကုမ္ပဏီက ပြည်တွင်းရှိ အာရ်အမ်အေလုပ်ငန်းစု၊ မြို့တော် မော်တော်ကား
လုပ်ငန်းတို့နှင့် ပူးပေါင်းကာ ကယားပြည်နယ်၊ မော်ချီးမြို့နယ်ရှိ လောခလိုအလယ်တန်းကျောင်း
အတွက် ကျောင်းဆောင် သစ်ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သြဂုတ်လ ၂၁ ရက်နေ့က Fordကုမ္ပဏီ၏
ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်သည် ၃၆၀၀ စတုရန်းပေကျယ်ဝန်းပြီး စာသင်ခန်းခြောက်ခန်းအပြင်
ကျောင်းသားများနှင့် ဒေသခံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျောင်းတွင်းဖြတ်
လမ်းတစ်ခုနှင့် အိမ်သာများကိုပါ အမေရိကန်ဒေါ်လာ ငါးသောင်းအကုန်ကျခံကာ ဖြည့်ဆည်း
တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းဆောင်သစ်အတွက် Ford ကုမ္ပဏီ၏ Community Grants programme
အစီအစဉ်မှ ငွေကြေးထောက်ပံ့ပေးခဲ့ပြီးကျောင်းသူကျောင်းသား ၅၃၆ ဦးနှင့် ဆရာ၊ ဆရာမ ရ ဦးတို့
ပညာသင်ကြားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများအတွက် တစ်ထောင့်တစ်နေရာမှ ပါ၀င်ကူညီမှုတစ်ရပ်အနေဖြင့်
ယခုကဲ့သို့ ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခွင့်ရသည့်အတွက် Ford ကုမ္ပဏီမှ ဂုဏ်ယူမိကြောင်း၊
ကလေးငယ်များ၏ ပညာရေးအတွက် ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
Ford ကားကုမ္ပဏီမှ အာရှပစိဖိတ်စျေးကွက်ဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေးဗစ်ဝက်စတာမန်းက
ပြောကြားခဲ့သည်။