ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်မော်တော်ယာဉ်များကြောင့်ယာဉ်တိုက်မှုအများဆုံးဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်မော်တော်ယာဉ်များကြောင့်ယာဉ်တိုက်မှုအများဆုံးဖြစ်ပွား

လွန်ခဲ့သည့် ခုနစ်လကာလအတွင်း ရန်ကုန်တိုင်းဒေသ ကြီး၌ ကိုယ်ပိုင်ယာဉ်များကြောင့်
ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ဒုတိယ
ရဲမှူးကြီးအောင်ကိုဦး၏ ပြောကြားချက်ကို ကိုးကားကာ ပြန် ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက် တင်ဘာလ ၆ ရက်နေ့က ဖော်ပြထားသည်။

ကိုယ်ပိုင်ယာဉ် အချင်းချင်းတိုက်မိခြင်း၊ ကိုယ်ပိုင်ယာဉ်မှ အခြားယာဉ်များကို တိုက်ခြင်း
တို့ကြောင့် လွန်ခဲ့သော ဇန်န ဝါရီလမှ ဇူလိုင်လကုန်အထိ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွား
ခဲ့ကြောင်း ဒုတိယရဲမှူးကြီးက ပြောကြားခဲ့သည်။ ဇန်နဝါရီ လမှ ဇူလိုင်လကုန်အထိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်ယာဉ်တိုက်မှု ၆၅၂ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ
၁၄၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ရ၁၃ ဦးရှိခဲ့ကြောင်း အမှတ်(၂) ယာဉ် ထိန်းတပ်ဖွဲ့ခွဲ၏
စာရင်းဇယား များတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ပေါ်တွင် ကိုယ်ပိုင်ယာဉ်အသုံးပြုသူ သိသိသာသာ တိုးပွားလာခဲ့ပြီး ကိုယ်ပိုင်ယာဉ်
အသုံးပြုသူ အချို့၏ ကျွမ်းကျင် မှုအားနည်းခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားမလည်ခြင်း
စည်းကမ်းချိုးဖောက် မောင်းနှင်ခြင်း၊ စည်းကမ်းနှင့်အညီ ယာဉ်ရပ်နားမှုမရှိခြင်းတို့ကြောင့်
ယာဉ်တိုက်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။