မြန်မာနိုင်ငံလေဆိပ်များတွင် ပိုမိုကောင်းမွန်သော လေဆိပ် ဝန်ဆောင်မှုဖြစ်ရေးအတွက်
ဂျပန်နိုင်ငံမှ အကူအညီများပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး
မစ္စတာတာတီရှီ ဟီဂူ ချီ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြထားသည်။
နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာနိုင်ငံရှိ လေဆိပ်များ တွင် ပိုမိုဝန်ဆောင်မှုပေးနိုင်ရန်
ကူညီပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့တွင် လေကြောင်းပညာသိပ္ပံ၌ ကျင်းပခဲ့သော လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနနှင့် ဂျပန်နိုင်ငံ
ANA Holdings Inc (ANA) တို့ ပူးပေါင်း ဖွင့်လှစ်သည့် ဒုတိယအကြိမ် လေဆိပ်မြေပြင်ဝန်ဆောင်မှု
ဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဂျပန်သံ အမတ်ကြီးက ပြောကြားခဲ့သည်။
နှစ်လကြာမြင့်မည့် အဆိုပါသင်တန်းတွင် လေယာဉ်များ စနစ်တကျ ဆင်းသက်ရပ်နားခြင်း၊
လေဆိပ်သန့်ရှင်းရေး၊ ကုန်စည်များ စနစ်တကျထားရှိရေးစသော လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ
သင်ကြားပေးမည်ဖြစ်ပြီး ထူးချွန်သော သင်တန်းသားများအား လာမည့် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်၌ လေဆိပ်မြေပြင်ဝန်ဆောင်မှုတန်းမြှင့် သုံးနှစ်သင်တန်းသို့ တက်ရောက်ခွင့်
ရရှိမည်ဖြစ်ကြောင်း၊ ယခု ရန်ကုန် နှစ်လသင်တန်းတွင် သင်တန်းသား ၁၄ ဦး တက်ရောက်လျက်ရှိပြီး
ထူးချွန်သူများသည် ဂျပန်နိုင်ငံသို့ ထပ်မံသွားရောက်ကာ စာတွေ့လက်တွေ့ သင်ယူရမည်ဖြစ်ကြောင်း သိရသည်။









