ငလျင်ဒဏ်သင့်ပုဂံဘုရားများ ပြန်လည်ပြုပြင်ရာတွင် စနစ်တကျဖြစ်စေရန် နှစ်ရက်ကြာသင်တန်းပေးမည်

ငလျင်ဒဏ်သင့်ပုဂံဘုရားများ ပြန်လည်ပြုပြင်ရာတွင် စနစ်တကျဖြစ်စေရန် နှစ်ရက်ကြာသင်တန်းပေးမည်

 

သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့်ပျက်စီးခဲ့သော ပုဂံ ရှေးဟောင်း
ယဉ်ကျေးမှု နယ်မြေရှိ ဘုရားပုထိုးစေတီများကို မူလလက်ရာမပျက် ပြန်လည်ပြုပြင်ရာတွင်
စနစ်တကျရှိစေရန် နှစ်ရက်ကြာသင်တန်းပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ရ ရက်နေ့ကဖော်ပြထားသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့်ခဲ့သည့် ဘုရားပုထိုးစေတီများ မူလလက်ရာမပျက် ပြန်လည်ပြုပြင်နိုင်ရန်
အတွက် စက်တင်ဘာ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ဦးဆောင်ကာ
သင်တန်းပေးသွားမည်ဖြစ်ကြောင်း၊ ပုဂံဘုရားများပြုပြင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ
ကိုလည်း စက်တင်ဘာ ၄ ရက်က ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ လက်ရှိလုပ်ဆောင်နေသည့် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများကို စက်တင်ဘာ ၈ ရက်မှ
စတင်ကာ ၁၂ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်းနှင့် ပုဂံဘုရားများပြုပြင်မှုများ
ဆောင်ရွက်ရာတွင် ဦးဆောင်လုပ်အားပေးနိုင်မည့် ၃၅ ဦးကို သင်တန်းပေးမည်ဖြစ်ကြောင်း
သိရသည်။

သင်တန်းပြီးဆုံးချိန်တွင် သင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားများမှတစ်ဆင့်
ဆင့်ပွားသင်တန်းပေးမည်ဖြစ်ပြီး သင်တန်းပေးမှုများပြုလုပ်ပြီးမှသာ အခြားသော လုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ခဲ့သည့် ဘုရားပုထိုး စေတီ များမှ တန်ဖိုး
ရှိသည့်ပစ္စည်းများနှင့် တန်ဖိုးနည်းသည့်ပစ္စည်းများကို ခွဲခြားမှတ်တမ်းတင်မှုများနှင့် ထိန်းသိမ်းမှုများ
ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က
ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားပုထိုးစေတီများ
မူလ လက်ရာမပျက် ပြန်လည်ပြုပြင်ရန်အတွက် လှူဒါန်းငွေသည် နိုင်ငံတော်သမ္မတနှင့်
ဒုတိယသမ္မတတို့ ထည့်ဝင်လှူဒါန်းခဲ့သည့်အလှူငွေများ အပါအဝင် အလှူငွေစုစုပေါင်း
ကျပ်သိန်း ၁၁ဝ၆၇ သိန်းအထိ ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

- MOI Webportal Myanmar