ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ဇီကာဗိုင်းရပ်စ် (Zika Virus) ကူးစက်ပြန့်ပွားနေပြီး မြန်မာနိုင်ငံမှ
ချင်းမိုင်သို့ သွားရောက်မှုကိုခေတ္တဆိုင်းငံ့ထားရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ အသိပေးထားကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၈ ရက်နေ့တွင်ဖော်ပြထားသည်။
စက်တင်ဘာ ၅ ရက်တွင် ချင်းမိုင်ပြည်နယ် ဆန်ဆိုင်းခရိုင်၌အသက် (၂၈)နှစ်အရွယ် ကိုယ်ဝန်ရှစ်လ
ဆောင်ထားသောမြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း
သတင်းရရှိသဖြင့် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့
စုံစမ်းမေးမြန်းရာ ဆန်ဆိုင်းပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေးအရေးပေါ်ကုသရေးဌာန၌
အနီးကပ်စောင့်ကြည့် ကုသပေးလျက်ရှိကြောင်း၊ ၎င်းနေထိုင်ရာ နေအိမ်အတွင်း/အပြင်နှင့်
ပတ်ဝန်းကျင်နေရာများအားခြင်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးထားကြောင်း၊လူနာ၏
သဘောတူညီမှုမရှိဘဲ ၎င်း၏ကိုယ်ရေး အချက်အလက်နှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို
ပြောကြားနိုင်ခြင်းမရှိကြောင်း ချင်းမိုင်ပြည်သူ့ကျန်းမာရေးဌာနမှ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသည့် မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ
အတွက် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖုန်း- ဝ၅၂-ဝဝ၄၂၁၁ နှင့် ဝ၆၁-၂၇၂၇၇၇၅ သို့
ဆက်သွယ်အကြောင်းကြားနိုင်ပြီး ချင်းမိုင်ပြည်နယ်သို့ လာရောက်မည့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်
မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသည့် မိခင်လောင်းများအနေဖြင့် ယခုရက်ပိုင်းအတွင်း
ချင်းမိုင်ပြည်နယ်သို့ လာရောက်မှုကို ခေတ္တဆိုင်းငံ့ထားသင့်ကြောင်း အသိပေးကြေညာထားသည်။










