ယခင်က မြန်မာနိုင်ငံတွင် တည်ဆောက်သည့် တံတားများအတွက် လိုအပ်သည့် ပစ္စည်းများကို
ပြည်ပနိုင်ငံများမှသာ တင်ဒါခေါ်ယူခဲ့ရသော်လည်း ယခုအခါ J & M သံမဏိစက်ရုံက
ထုတ်လုပ်သည့် သံမဏိသံပေါင်များဖြင့် အစားထိုးတည်ဆောက်နိုင်သဖြင့် နိုင်ငံခြားငွေ
အကုန်အကျကို လျှော့ချနိုင်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၈ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ J & M သံမဏိစက်ရုံသည် ရန်ကုန်မြို့၊ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းတွင်
တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် J&M Steel Solutions Co.,Ltd. တို့ပူးပေါင်း၍
၂ဝ၁၂ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်
မြေနေရာကို အငှားစနစ်ဖြင့် တန်ဖိုးသတ်မှတ်ရရှိသောနိုင်ငံခြားငွေကို ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ထားပြီး
ဂျပန်နိုင်ငံဘက်မှ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာ၊ စက်ပစ္စည်းကိရိယာများ အဓိကထည့်ဝင်
ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးကပြောကြားခဲ့သည်။ ဂျပန်နိုင်ငံမှ J & M Steel Solutions
ကုမ္ပဏီသည် ၄င်း၏ စက်ရုံကို လက်ရှိတွင် မြန်မာတစ်နိုင်ငံတည်း၌သာ ရင်းနှီးမြှုပ်နှံထားပြီး
မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများ တိုးတက်ရေးအတွက် နိုင်ငံတကာအဆင့်မီ
ဂျပန်နည်းပညာများကို ဖြန့်ဝေပေးလို၏ခြင်းနှင့် ထုတ်ကုန်များကို အရှေ့တောင်အာရှ စသော
ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ခြင်းကြောင့် ယခုကဲ့သို့
ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း J & M သံမဏိစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ Mr. Yasuo SHOJI က
ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက အဓိကတည်ဆောက်နေသော တံတားကြီးများအပြင် အခြားသော
ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်နေသော တံတားကြီးများအတွက်
လိုအပ်သည့် သံမဏိသံပေါင်၊ ရက်မများကိုလည်း J & Mသံမဏိစက်ရုံက ထုတ်လုပ်ပေးလျက်
ရှိသည်။ ဒီဇိုင်းပေါ်မူတည်ပြီး လိုအပ်သည့်ကုန်ကြမ်းများကို ဂျပန်နိုင်ငံက မှာယူသုံးစွဲသကဲ့သို့
မြန်မာစျေးကွက်မှ အရည်အသွေးမီသည့် ကုန်ကြမ်းများကိုလည်း သုံးစွဲလျက်ရှိကြောင်း
သိရသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဂျပန်နိုင်ငံ၏ နည်းပညာနှင့် နိုင်ငံတကာ
အရည်အသွေးစံချိန်စံညွှန်းအတိုင်း ထုတ်လုပ်လျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြု ISO
လက်မှတ်ရရှိထားပြီးဖြစ်သောကြောင့် အရည်အသွေးပိုင်းကိုလည်း စိတ်ချယုံကြည်နိုင်ကြောင်း
J&M သံမဏိစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာMr. Yasuo SHOJI က ပြောကြားသည်။
J&M မှ ထုတ်လုပ်သည့် သံမဏိသံပေါင်များကို ပြည်တွင်းသုံးစွဲမှုအပြင် လာအိုနိုင်ငံနှင့်
သီရိလင်္ကာ နိုင်ငံများသို့ပါ တင်ပို့နိုင်ခဲ့သည့်အပြင် ရန်ကုန်မြို့တွင် မကြာမီတည်ဆောက်မည့်
အဆင့်မြင့်တံတားကြီးများတွင် လိုအပ်သော သံမဏိသံပေါင်၊ ရက်မများ ထုတ်လုပ်နိုင်ရန်အတွက်
စက်ရုံတိုးချဲ့ရန် ရည်ရွယ်ထားကြောင်းနှင့် ကွန်ကရစ်တံတားများ ထုတ်လုပ်ရန်အတွက်
ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ဖက်စပ်ထူထောင်ရန်လည်း စီစဉ်လျက်ရှိကြောင်း၊
မြန်မာဝန်ထမ်းများ အရည်အသွေးပြည့်ဝရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုရရှိရေးအတွက်
ပြည်တွင်းမှာပင် ဂျပန်ပညာရှင်များ ခေါ်ယူကာ သင်တန်းများပို့ချပေးလျက်ရှိသကဲ့သို့
ဂျပန်နိုင်ငံသို့လည်း နှစ်စဉ်စေလွှတ်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ
ပေးလျက်ရှိကြောင်း သိရသည်။
- MOI Webportal Myanmar










