ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားပါက
အသက်ကယ်ဆယ်နိုင်မည့် အရေးပေါ် လူနာတင်ယာဉ်စနစ်(Emergency Medical Service - EMS)
ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၉ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အရေးပေါ်လူနာတင်ယာဉ်စနစ်
ထူထောင်ခြင်းကို ကနဦးစီမံချက်အဖြစ် စတင်ဆောင်ရွက်ရန် ထောက်ခံဆွေးနွေးခဲ့ကြပြီး
ပြည်သူ့အတွက် ရက် ၁ဝဝ စီမံချက်တွင် ထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း၊ EMS တွင်
Call Centre နှင့် Emer gency Medical Service ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး
EMS လူနာတင်ယာဉ်ကို သက်ဆိုင်ရာဆေးရုံအရေးပေါ်ဆရာဝန်က အနီးကပ်
ကြီးကြပ်ကွပ်ကဲကြောင်း EMS- Call Centre Operation အပိုင်းကို
တာဝန်ယူဆောင်ရွက်နေသည့် ဒေါက်တာသန်းလှအောင်က ပြောကြားခဲ့သည်။
အမြန်လမ်းတွင် အရေးပေါ် အကူအညီ လိုအပ်ပါက ဖုန်း ၁၉၂ ကို ဆက်သွယ် အကူအညီ
တောင်းခံနိုင်ကြောင်း၊ EMS အဖွဲ့များ ကို အမြန်လမ်းမကြီးတစ်လျှောက် မိုင် ၄ဝ ခြားပြီး လှည်းကူး၊
ဘုရားကြီး၊ မြို့ချောင်း၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ အလည်ရွာ၊ မိတ္ထီလာ၊ ပြင်စည် (နွားထိုးကြီး) နှင့်
တံတားဦးမြို့နယ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်း၊ Station တစ်ခုတွင် လူနာတင်ယာဉ် တစ်စီး၊
ယာဉ်မောင်းသုံးဦး၊ Ambulance Crew ရှစ်ဦးရှိပြီး ၂၄နာရီအလှည့်ကျတာဝန်ထမ်းဆောင်နိုင်ရန်
စီစဉ်ထားကြောင်း၊ EMS ယာဉ်တိုင်းတွင် ခြေထောက်၊ လက်၊ ခါးရိုးနှင့် လည်ပင်း ရိုးကျိုးခြင်းစသည့်
ထိခိုက်ဒဏ်ရာများအတွက် အသုံးပြုရမည့် ပစ္စည်းကိရိယာများ၊ အောက်ဆီဂျင်ဘူး၊ နှလုံးနှိုးစက်၊
ချွဲစုပ်စက်၊ အသက်ရှူလမ်းကြောင်းဖွင့် ကိရိယာများ၊ သွေးခုန်နှုန်းကောင်းစေသည့် ပစ္စည်းများနှင့်
မီးသတ်ဆေးဘူးများကို တပ်ဆင်ထားပြီး နိုင်ငံတကာတွင် အသုံးပြုနေသော Ambulance များအတိုင်း
တပ်ဆင်ထားကြောင်း၊ သတင်းလက်ခံခြင်း၊ သတင်းအလျင်အမြန် တုံ့ပြန်ခြင်းများကို
ဆောင်ရွက်ပေးနေသော ဌာနဖြစ်သည့်အတွက် နှောင့်ယှက်ခေါ်ဆိုမှုမျိုး မပြုလုပ်သင့်ကြောင်း
ဒေါက်တာသန်းလှအောင်က ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။









