မြန်မာဝတ္တုတို နှစ် ၁၀၀ ပြည့် အခမ်းအနားများ ကျင်းပမည်

မြန်မာဝတ္တုတို နှစ် ၁၀၀ ပြည့် အခမ်းအနားများ ကျင်းပမည်

 

ဝတ္ထုစာပေအသစ်အဆန်းများ ပြန်လည်နိုးထရှင်သန်လာစေရန် ရည်ရွယ်၍ မြန်မာဝတ္ထုတို ရာပြည့်
အခမ်းအနားများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်၍ ရာပြည့်နှစ် ၂၀၁၇ ခုနှစ်
တစ်နှစ်ပတ်လုံး ကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁၂ ရက်နေ့က
ဖော်ပြထားသည်။

၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “မောင်သိန်းတင် မသိန်းရှင်” အမည်ရ
သောဝတ္ထုတိုကို မြန်မာ့ပထမဦးဆုံးဝတ္ထုတိုအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း၊
“မောင်သိန်းတင် မသိန်းရှင်” ဝတ္ထုတိုကို ဆရာကြီးရွှေဥဒေါင်းက ရေးသားခဲ့ကြောင်း၊
ထိုဝတ္ထုတိုကို စတင်ဖော်ပြခဲ့သည့်နှစ်မှ စတင်ရေတွက်လျှင် လာမည့် ၂၀၁၇ ခုနှစ်သည်
မြန်မာဝတ္ထုတို နှစ် ၁၀၀ ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာဝတ္ထုတို ရာပြည့်အခမ်းအနားများ ကျင်းပရာတွင် ပဲန်မြန်မာ (Pen Myanmar) မှ
ပြုလုပ်လေ့ရှိသော ရသစာပေလှုပ်ရှားမှုများဖြစ်သည့် ရသအစုန်အဆန်၊ ရသညနေခင်း၊
စာပေပညာရပ်ဆိုင်ရာဆွေးနွေးပွဲများနှင့် တွဲဖက်ကျင်းပသွားမည်ဖြစ်ကြောင်း Pen Myanmarမှ
စာရေးဆရာဟန်ဆန်းက ပြောကြားခဲ့သည်။ မြန်မာဝတ္ထုတိုရာပြည့်နှစ်ဖြစ်သော ၂၀၁၇ ခုနှစ်
မတ်လတွင် မြန်မာဝတ္ထုတို ရာပြည့်အခမ်းအနားများကို ဟောပြောပွဲများ၊ ဆွေးနွေးပွဲများနှင့်
ဝတ္ထုတိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှု အခမ်းအနားများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊
၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းကာလများတွင် ပဲန်မြန်မာ၏ ပုံမှန်ပြုလုပ်မြဲဖြစ်သော
ရသစာပေလှုပ်ရှားမှုများနှင့် ချိတ်ဆက်၍ တစ်နှစ်တာ ကာလ ပတ်လုံး ရာပြည့်အခမ်းအနားများ
ကျင်းပသွားမည်ဟု ဆိုသည်။

MOI Webportal Myanmar