မန္တလေးမြို့ ရ၈ လမ်းနှင့် လမ်း ၃၀ ရှိ မန္တလေးဘူတာကြီးရှေ့တွင် ယာဉ်ကြောသွားလာမှု
အဆင်ပြေ ရေးအတွက် မီးပွိုင့်တပ်ဆင်ရန် လက်ရှိဘူတာအဝိုင်းပတ်ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း
မြို့တော် စည်ပင်သာယာ အဆောက်အအုံနှင့် ကုန်ရုံဌာနအင်ဂျင်နီယာဌာနစုမှူး ဦးအုန်းကျော်က
ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ မန္တလေးဘူတာကြီး အဝိုင်းပတ်၏ သက်တမ်းမှာ နှစ်၂၀ကျော်ပြီဖြစ်ကြောင်း၊
ယခင်က ဘူတာ ရှေ့တွင် ယာဉ်ကြောရှင်းလင်းပြီး အန္တရာယ်ကင်းရှင်းစေရန်အတွက်
တည်ဆောက်ခဲ့သော်လည်း လက်ရှိတွင် ယာဉ်အစီးရေများပြားပြီး စည်းကမ်းလိုက်နာမှု
မရှိခြင်းကြောင့် အဆင်မပြေဖြစ်နေသည့်အတွက် အဝိုင်းပတ်ဖျက်သိမ်းပြီး
မီးပွိုင့်တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ အဝိုင်းပတ်ဖျက်သိမ်းရန်
အတွက် အဆောက်အအုံနှင့် ကုန်ရုံဌာန၊ သက်ဆိုင်ရာဌာနတို့ ပူးပေါင်းကာ ဆွေးနွေးညှိနှိုင်းမှုများ
ပြုလုပ်လျက်ရှိပြီး ၂ လအတွင်း အပြီးဖျက်သိမ်းသွားရန် စီစဉ်ဆောင်ရွက်နေကြောင်းဖော်ပြထားသည်။
လက်ရှိအတိုင်း အဆင်ပြေသော်လည်း ဘူတာကြီးမျက်နှာစာနားတွင် လမ်းအူကြောင်း
မပေါ်သေးသည့်အတွက် မီးပွိုင့်တပ်လျှင် ဘူတာထဲ ဝင်မည့် ယာဉ်များကို မည်ကဲ့သို့
အချက်ပြမည်နှင့် ဘူတာအဝင်/အထွက်လမ်းကို ထည့်သွင်းစဉ်းစားလုပ်ဆောင်သင့်ကြောင်း
မြို့ခံတစ်ဦးကပြောကြားခဲ့သည်။ မန္တလေးမြို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ တစ်နေ့တခြား
များပြားလာပြီး မြို့တော်စည်ပင်အနေဖြင့် မြို့တွင်းယာဉ်ကြောကျပ်ကျပ်တည်းမှုလျှော့ချရေးနှင့်
ယာဉ်မတော်တဆထိခိုက်မှုများလျော့နည်းစေရေးအတွက် လမ်းချဲ့ခြင်း၊ လမ်းခင်းခြင်းနှင့် မီးပွိုင့်များ
တိုးချဲ့တပ်ဆင်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။
- MOI Webportal Myanmar










