မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ၏ အရှေ့ဘက် ဖတ်ဖုံးတောင်၊
လှမ်းကြည့်တောင်၊ ရှင်မဟိန္ဒခြေတော်ရာတောင် စသည့် သမိုင်းဝင်တောင်တန်းကြီးများတွင်
ပုဂ္ဂလိကကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် သဘာဝသစ်တောများ၊
စမ်းချောင်းများ ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါနေရာများသည် ရှေးယခင်မင်းများ လက်ထက်ကတည်းက ဘေးမဲ့တောအဖြစ်
သတ်မှတ်ထားသည့် နေရာများဖြစ်ပြီး တောင် ခြေပတ်လည်တွင် သမိုင်းဝင်ကျောက်စာများ၊
ခြေတော်ရာများ၊ သာသနိက အဆောက်အအုံများ တည်ရှိနေသောကြောင့် ထိုသို့
ဆောင်ရွက်နေခြင်းကို ကျေးရွာသူ ကျေးရွာသားများက လက်မခံဘဲ ဖယ်ရှားပေးရန်
ဆောင်ရွက်လျက်ရှိကြောင်း၊ သမိုင်းဝင်တောင်တန်းများ၊ သဘာဝတောတောင်ရေမြေများ
မပျက်စီးစေရန် အချိန်မီ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို အကူအညီ
တောင်းခံထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ်မှစ၍ ကျောက်ထုတ်လုပ်စခန်းများ ရောက်ရှိလာပြီး အဆိုပါ သမိုင်းဝင်တောင်တန်းများအား
မိုင်းခွဲစက်ကြီးများဖြင့် ဆောင်ရွက်နေကြောင်း၊ မိုင်းစများထိမှန်၍ ဘုရားစေတီများ ပြိုကျပျက်စီးမှုများ
ရှိခဲ့ကြောင်း၊ တောင်များဖြိုချဖျက်ဆီးမှုကြောင့် စမ်းချောင်းများ ပိတ်ဆို့ကာ ကျေးရွာနေ ပြည်သူများ၊
ရဟန်းသံဃာများ ရေရှားပါးမှုနှင့် ကြုံတွေ့ရကြောင်း၊ သက်ကြီးဘိုးဘွားများသည် မိုင်းခွဲသံကြောင့်
နားများ ထိခိုက်ကြောင်း၊ သတိမေ့လန့်သူများလည်း ရှိကြောင်း၊ ထို့အပြင် ကျောက်သယ်
ထော်လာဂျီယာဉ်များကြောင့် ကလေးသူငယ်များ ယာဉ်အန္တရာယ်စိုးရိမ်ရကြောင်း ကျေးရွာသူ
ကျေးရွာသားများက ပြောကြားခဲ့သည်။










