တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ရန် ဆွေးနွေးဆဲအဆင့်သာ ရှိသေး

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ရန် ဆွေးနွေးဆဲအဆင့်သာ ရှိသေး

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ
တိုးမြှင့်ဖွင့်လှစ်သွားရန် တရုတ်နိုင်ငံအစိုးရနှင့် ဆွေးနွေးနေဆဲအဆင့်သာ ရှိနေသေးကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က
ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။

လက်ရှိ ရှမ်းပြည်နယ်မှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေသည့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို
တရုတ်နိုင်ငံဘက်ခြမ်းတွင် တည်ထောင်ထားသည့် ရင်ကျန်းဗဟိုစီးပွားရေးဇုန်အနီးတွင်
ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် အပါအဝင် ကုန်သွယ်ရေးစခန်းအသစ်များ ထပ်မံဖွင့်လှစ်သွားရန်
သြဂုတ်လနောက်ဆုံးပတ်က တရုတ်အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့
တွေ့ဆုံစဉ် တရုတ်အစိုးရက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် အဆင်ပြေနေသဖြင့် ရွှေ့ရန့်၊ မရွှေ့ရန်ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။

မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်နှင့် သကြား အပါအဝင်
လယ်ယာထွက်ကုန်များကို မြန်မာနိုင်ငံအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
တရားဝင် ကုန်သွယ်မှုအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်နိုင်ငံဘက်မှ ကုန်မလိုအပ်ပါက
တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုများရှိနေကြောင်း၊ သကြားနှင့် ဆန်အတွက်
ကုန်သွယ်မှု တန်ဖိုး၏ ၁၃ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရန် တရုတ်အစိုးရဘက်မှ
သတ်မှတ်ထားသဖြင့် ကုန်သည်များအတွက် တွက်ခြေမကိုက်တော့ကြောင်း မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ် ဘဏ္ဍာရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့သည်။

လက်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သည့် ချင်းရွှေဟော်၊ ကန်ပိုက်တီး၊
လွယ်ဂျယ်နှင့် မူဆယ် ကုန်သွယ်ရေးစခန်းလေးခုအနက် တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နယ်နိမိတ်ချင်း
ထိစပ်နေသည့် မူဆယ် ကုန်သွယ်ရေးစခန်းမှ ဆန်နှင့်သကြား အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်
အများဆုံးကို ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း တရုတ်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ
၁ ဒသမ ၉ ဘီလီယံကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကုန်သွယ်မှုစာရင်းများအရ သိရသည်။