ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြံုရွာအနီးရှိ မီးတောင်ရှင်တစ်လုံး ယမန်နေ့နံနက် ၃ နာရီ
၁၅ မိနစ်က ပေါက်ကွဲခဲ့သော်လည်း အနီးအနားရှိ လူ၊ တိရစ္ဆာန်နှင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးမှု
မရှိခဲ့ကြောင်း စိုင်ခြံုရွာသားများ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
နိုဝင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲခဲ့သည့် မီးတောင်မှာ ကျောက်ဖြူမြို့၏ အရှေ့ တောင်ဘက် စိုက်ခြုံကျေးရွာ၏
မြောက်ဘက်ရှိ ပန်းသေနဂါး ရွှံမီးတောင် (ဒေသခေါ်) ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ချော်ရည်များမှာ
ပေ ၂ဝ မှ ၃ဝ ထိ မြင့်တက်ခဲ့ပြီး မီးတောင်အနီးအနားရှိ ချော်ရည်များမှာလည်း ပေ ၈ဝ မှ ၁ဝဝ ထိ
ပျံ့နှံမှုဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
ကျောက်ဖြူမြို့နယ်အတွင်း စိုင်ခြံု၊ ရှောက်ချောင်း၊ စစ်တော၊ စည်မော်ကျေးရွာအနီးရှိ (ဒေသခေါ်)
သူပုန်နဂါး၊ အရက်သေမ၊ ပန်းသေမ အစရှိသည့် ရွှံ့မီးတောင်ရှင် ၁ဝ လုံးခန့်ရှိပြီး နှစ်စဉ် တစ်လုံးခန့်
အသေးစားပေါက်ကွဲလေ့ရှိရာ ရှောက်ချောင်းကျေးရွာ အနီးတွင် ၂ဝ၁၄ ခုနှစ်အတွင်းက ပေါက်ကွဲခဲ့သည့်
သူပုန်နဂါး ရွှံ့ မီးတောင်မှာ ပေါက်ကွဲမှု အပြင်းဆုံးဖြစ်ပြီး လယ်ယာမြေ ၁ဝ ဧက ကျော်
ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဧရိယာများမှာ ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန် သတ်မှတ်တည်ဆောက်မည့်
နေရာတွင် ပါဝင်ပြီး ရွှံ့မီးတောင်ရှင်များ တည်ရှိနေမှုကြောင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ
တည်ဆောက်မည့် ဇုန်ကို ရေနံတောင်နှင့် မင်းပြင်ဘက်သို့ ရွှေ့ ပြောင်းသတ်မှတ်ခဲ့ရကြောင်း
ကျောက်ဖြူဒေသ အထူးစီးပွားရေးဇုန် လေ့လာစုံစမ်းရေးကော်တီမှ သိရသည်။









