မြန်မာသင်္ဘောသား အများစုကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားသည့် တောင်ကိုရီးယားနိုင်ငံမှ
Hanjin သင်္ဘောလိုင်းသည် အခြေအနေအရပ်ရပ်ကြောင့် လုပ်ငန်း ဆက်လက်မလည်ပတ်နိုင်သဖြင့်
၂ဝ၁၆ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ဒေဝါလီခံခဲ့သည့်အတွက် အဆိုပါ သင်္ဘောလိုင်း၌
တာဝန်ထမ်းဆောင်နေသော မြန်မာသင်္ဘောသားများမှာ စက်တင်ဘာလဆန်းပိုင်းမှစ၍
အလုပ်လက်မဲ့ဖြစ်ကာ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း Hanjin သင်္ဘောလိုင်း၌
အလုပ်လုပ်ကိုင်သော မြန်မာသင်္ဘောသားများ၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြထားသည်။
သြဂုတ်လကုန်ပိုင်းအထိ သင်္ဘောလိုင်းတွင် တာဝန်ထမ်းဆောင်နေသော သင်္ဘောသားအားလုံးကို
လစာပေးခဲ့ကြောင်း၊ Hanjin သင်္ဘောလိုင်းသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အဓိက
လုပ်ကိုင်သည့်အတွက် ယခုနှစ်တွင် ကုန်အရနည်းခဲ့သောကြောင့် လုပ်ငန်းဆက်လက်
မလည်ပတ်နိုင်၍ ဒေဝါလီခံခဲ့ရခြင်းဖြစ်ကြောင်း Hanjin သင်္ဘောလိုင်းမှ မြန်မာသင်္ဘောသားအရာရှိ
ကိုထွန်းကြည်က ပြောကြားခဲ့သည်။
Hanjin သင်္ဘောလိုင်း ဒေဝါလီခံမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် မြန်မာသင်္ဘောသားဦးရေ
၂ဝဝ ခန့်ရှိပြီး အချို့မှာ ကမ္ဘာ့ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ကုမ္ပဏီထံမှ
နစ်နာကြေးတောင်းယူသွားမည်ဟု သိရသည်။
ယခုနှစ်ထဲတွင် နိုင်ငံအချို့၌ စီးပွားရေး ကျဆင်းလာခြင်းကြောင့် နိုင်ငံတကာကုန်သွယ်မှု ပြုလုပ်နေသည့်
သင်္ဘောလိုင်းများ အရှုံးပေါ်လျက် ရှိသည်။
မြန်မာသင်္ဘောသားများအား အလုပ်အကိုင်အခွင့်အလမ်းပေးနေသည့် သင်္ဘောလိုင်းအများစုမှာ
အမေရိကန်၊ ဂျာမနီ၊ ဂရိ၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ သင်္ဘောလိုင်းများ ဖြစ်ကြောင်း
သိရသည်။










