ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာလတွင် ပြန်လည်စတင်မည်

ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာလတွင် ပြန်လည်စတင်မည်

လေးလကြာ ရပ်ဆိုင်းထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာကျေးရွာအနီးရှိ
ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာလတွင်
ပြန်လည် စတင်သွားမည်ဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့်
Aurun Company Limited ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာ ၁၃ ရက်က ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း လုပ်ဆောင်ရန်
မွန်ပြည်နယ်အစိုးရအဖွဲ့က ချပေးသော မြေဧရိယာမှာ ကျဉ်းနေခြင်း၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမည့်
သူများနှင့် ဆွေးနွေးနေခြင်း၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ဆွေးနွေးနေခြင်းတို့ကြောင့်
ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကာ လာမည့် ပွင့်လင်းရာသီတွင် စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်မည်
ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအရ ကဗျာဝကမ်းခြေကို နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် မြှင့်တင်ပြီး ကမ်းခြေ၌
စားသောက်ဆိုင်များ၊ ဟိုတယ်ဇုန်များ၊ အပန်းဖြေစခန်းများ၊ သယံဇာတနှင့် ဘူမိဗေဒပြတိုက်၊
Speed Boat များဖြင့် အပန်းဖြေနိုင်ရန်နှင့် ခရီးသွားဧည့်သည်များ လေ့လာနိုင်ရန် မွန်စာပေနှင့်
ယဉ်ကျေးမှုပြတိုက်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်ကျန်းမာရေးအဆောက်အအုံကိုလည်း
စတင်ဆောက်လုပ်နေပြီး လုပ်ငန်းအခြေအနေမှာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီဟု ဆိုသည်။

ကဗျာဝကမ်းခြေသည် ရေးမြို့နယ်အတွင်းရှိ အလှဆုံးကမ်းခြေတစ်ခု ဖြစ်ပြီး ယခင်က
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်းနှင့် လုံခြံုစိတ်ချရမှု မရှိခြင်းတို့ကြောင့် ရေးမြို့နှင့်
အလှမ်းမဝေးသော်လည်း သွားရောက်အပန်းဖြေသူ နည်းပါးခဲ့သော်လည်း ကဗျာဝကမ်းခြေ
ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းစီမံကိန်းဖော်ဆောင်ရန် ၂ဝ၁၄ ခုနှစ်
စက်တင်ဘာလက မွန်ပြည်နယ်လွှတ်တော်၌ အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မတ်လတွင်
စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။