မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပမည့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနားကို ရန်ကုန်မြို့
ခြောက်မိုင်ခွဲရှိ International Business Center (IBC) ၌ စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပမည်
ဖြစ်ကြောင်းမြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီ သတင်းတစ်ရပ်တွင် စက်တင်ဘာ ၁၃ ရက်ကဖော်ပြထားသည်။
အဆိုပါ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနားကို မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ
အသင်းနှင့် ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနက ထောက်ပံ့ထားသော Business
Innovation Facility (BIF) စီမံကိန်းတို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားတွင်
နိုင်ငံခြားကုမ္ပဏီများက ဝါးနှင့်သက်ဆိုင်သော စက်ပစ္စည်းများ၊ ဝါးပရိဘောဂများ၊
ဝါးပညာပေးစာအုပ်စာတမ်းများကို ပြသသွားမည်ဖြစ်ပြီး ဝါးစိုက်ပျိုးရေးနှင့် သက်ဆိုင်သော
ဟောပြောဆွေးနွေးမှုများ၊ ဝါးစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ၊ နိုင်ငံတကာစျေးကွက်
သတင်းများနှင့် သတင်းအချက်အလက်များဖလှယ်ခြင်းနှင့် ပြည်ပပြည်တွင်းစာတမ်း ၄ စောင်
ဖတ်ကြားခြင်းနှင့် စုပေါင်းဆွေးနွေးဖလှယ်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်တွင်းပြည်ပမှ ဝါးပညာရှင်များ၊ ဝါးလုပ်ငန်းရှင်များ
၊ ဝါးအကြောင်း အသိပညာပေးရေးသားသူများ၊ ဝါးနှင့်ပတ်သက်သော ကွန်ရက်များ၊
ဝါးစိုက်ပျိုးထုတ်လုပ်သူများ၊ ဝါး ထုတ်လုပ်တင်ပို့သူများနှင့် ဝါးလက်မှုပညာရှင်များ
တက်ရောက်ကြမည်ဖြစ်ပြီး ဥရောပ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့်
ဗီယက်နမ်နိုင်ငံတို့မှ ပညာရှင်များတက်ရောက်ကြမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ပြီးပါက
သဘာဝဝါးတောများကို အများဆုံးပိုင်ဆိုင်ထားသော မြန်မာနိုင်ငံတွင် ၀ါးနှင့် ပတ်သက်၍
နည်းပညာများ နောက်ကျကျန်နေရသည့်အတွက် ယခုထက် နောက်ကျမကျန်ရစ်စေရန်
နှိုးဆော်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ဝါးကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ရ ဘီလီယံကျော်ဖြစ်ပြီး ဝါးပင်သည် မျှစ်နှင့်
ရှာလကာရည်တို့ကို ထုတ်ယူရရှိသည့်အပြင် ဝါးမီးသွေး၊ ဆောက်လုပ်ရေးသုံးဝါး၊ ဝါး
အထပ်သားနှင့် ဝါးအမိုးပြားများ၊ ဝါးကုလားထိုင်၊ ခုတင်နှင့် စားပွဲပရိဘောဂများ၊ ရေလုပ်ငန်းသုံး
ဝါး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းများ အစရှိသဖြင့်ဝါးရွက်မှ ဝါးမြစ်အထိ ဝါးတစ်ပင်လုံးကို
ဘက်စုံသုံးစွဲနေကြကြောင်း သိရသည်။
- The Myawady










