ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ယခုနှစ် သြဂုတ်လ တစ်လတည်းတွင်
နိုင်ငံခြားသား ဦးရေ ၃၇၆၆၉ ဦး ရောက်ရှိ ဖူးမြော််ကြည်ညိုခဲ့ကြကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က
ဖော်ပြထားသည်။
၂ဝ၁၅ ခုနှစ်က အလားတူ သြဂုတ်လတစ်လတည်းတွင် နိုင်ငံခြားသားဧည့်သည်
ဦးရေ ၂၈ဝ၇၉ ဦးရောက်ရှိ ဖူးမြော်ကြည်ညိုခဲ့ကြ ကြောင်း၊ ယခုနှစ် သြဂုတ်လတွင်
ယမန်နှစ် သြဂုတ်လထက် နိုင်ငံ ခြားသား ၉၅၉ဝ (၁ဝဝဝဝ ခန့်) ပိုမိုရောက်ရှိ
ဖူးမြော်ကြည်ညိုခဲ့ကြပြီး ထိုင်း ၈၇၃၂ ဦး၊ တရုတ် ၂၄၈၈ ဦး၊ ဂျပန် ၂၁၆၈ ဦး၊
ကိုရီးယား ၁၉၆၃ ဦး၊ ဗြိတိန် ၁၄၄၅ ဦးအပါအဝင် ပြည်ပနိုင်ငံပေါင်း ၃ဝ မှ
နိုင်ငံခြားသား ၃၇၆၆၉ ဦး လာရောက်ခဲ့ကြကြောင်း၊ အဆိုပါနိုင်ငံခြားသားဧည့်သည်
များထံမှ ဧည့်ဝင်ကြေးအဖြစ် ငွေကျပ် သိန်း ၃ဝဝဝ ကျော် အလှူခံရရှိ ခဲ့ကြောင်း
သိရသည်။
ယခုနှစ် သြဂုတ်လ ၂၄ ရက် ညနေပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း
ပုဂံဒေသဝန်းကျင်တွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်
သွားခဲ့သောကြောင့် နိုင်ငံခြားသားအဝင်နည်းသွားနိုင်သည်ဟု ထင်ခဲ့သော်လည်း
ထိုနေ့နောက်ပိုင်းမှစ၍ နိုင်ငံခြားသားဧည့်သည်များ ပုံမှန်ထက် အဝင်ပိုများလာခဲ့ကြောင်း၊
ရန်ကုန်ရောက်နိုင်ငံခြားသား အများစုမှာ ရွှေတိဂုံစေတီတော်၏ အံ့မခန်းဖွယ်ရာ မြန်မာမှု
လက်ရာ သာသနိကအဆောက်အအုံများကို လေ့လာကြည်ညိုရန် ရောက်လာ
ကြခြင်းဖြစ်ကြောင်း ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။










