အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချမည်

အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချမည်

အစိုးရငွေတိုက်စာချုပ်များကို စက်တင်ဘာ ၂ဝ ရက်မှစ၍ လစဉ် တတိယမြောက်ရက်သတ္တပတ်၏
အင်္ဂါနေ့တိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လေလံစနစ်ဖြင့် ရောင်းချမည်
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁၆ ရက်နေ့က
ဖော်ပြထားသည်။

လေလံပွဲ ကျင်းပမည့် နေ့ရက်၊ လေလံခေါ်ယူသည့် ပမာဏနှင့် ငွေတိုက်စာချုပ်များ၏
သက်တမ်းစေ့ရောက်မည့် နေ့ရက်၊ အတိုးနှုန်းတို့ကို လေလံပွဲမတိုင်မီ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ Website များတွင် ကြေညာမည်ဖြစ်သည်။

ဇန်နဝါရီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ-၂(ဆ)နှင့်
ပုဒ်မ-၅၂(ည) တို့အရ ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က
လိုင်စင်ရရှိထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် စာရင်းဖွင့်လှစ်ထားသည့်
ဘဏ်အဖွဲ့အစည်းများသည် လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရန် မှတ်ပုံတင်ခွင့်ရှိကြောင်း
ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့သော အစိုးရငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့်
ရောင်းချခြင်းတွင် မှတ်ပုံတင်ပြီးသော အဖွဲ့အစည်းဖြစ်ပါက ထပ်မံမှတ်ပုံတင်ရန် မလိုအပ်သော်လည်း
မှတ်ပုံမတင်ရသေးသည့် အဖွဲ့အစည်းများသည် လေလံပွဲမတိုင်မီ ၁ဝ ရက် ကြိုတင်၍
သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် မှတ်ပုံတင်ရမည်
ဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်းအလိုက် သို့ မဟုတ် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံလိုပါက မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က Underwriter များအဖြစ် ခန့်အပ်ထားသော မြန်မာ့စီးပွားရေးဘဏ်-MEBနှင့်
မြန်မာ့ငွေချေး သက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်-MSEC တို့မှတစ်ဆင့်
လေလံဝင်ရောက်နိုင်သည်ဟု ဆိုသည်။

အစိုးရငွေချေးသက်သေခံလက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းနှင့် သက်ဆိုင်သော
စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်)၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (နေပြည်တော်)
တို့တွင် တောင်းခံရရှိနိုင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင်လည်း
ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ ဖုန်း ဝ၆၇-၄၁ဝ၁၇ဝ၊ ဝ၆၇-၄၁ဝ၁၇၂ နှင့်
မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာရင်းဌာန ဖုန်း ဝ၆၇-၄၁၈၂၄၁၊ ဝ၁-၈၆ဝ၅ဝ ၉၇၊ ဝ၁-၈၆ဝ၃၇၄၆ တို့သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။