စမတ်ဖုန်းများအားလုံး လေယာဉ်ပေါ်တွင် အသုံးမပြုရန်နှင့် အားမသွင်းရန် ဗီယက်နမ်လေကြောင်းလိုင်းမှ ညွှန်ကြားချက် ထုတ်ပြန်

စမတ်ဖုန်းများအားလုံး လေယာဉ်ပေါ်တွင် အသုံးမပြုရန်နှင့် အားမသွင်းရန် ဗီယက်နမ်လေကြောင်းလိုင်းမှ ညွှန်ကြားချက် ထုတ်ပြန်

လေယာဉ်ခရီးစဉ်များ ဘေးကင်းလုံခြံုစေရေးအတွက် လေယာဉ်ပေါ်တွင် စမတ်ဖုန်းများအားလုံး
အသုံးမပြုရန်နှင့် အားမသွင်းရန်အတွက် ဗီယက်နမ်လေကြောင်းလိုင်း Vietjet မှ ညွှန်ကြားချက်
ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာလ
၁၆ ရက်နေ့က ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၊ လေကြောင်းညွှန်ကြားမှုဌာနမှ စက်တင်ဘာ ၉ ရက်တွင် Samsung Galaxy Note 7
အမျိုးအစားကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့် မပြုရန် ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံ၍ မည်သည့်ဖုန်း
အမျိုးအစားကိုမဆို လေယာဉ်ပေါ်တွင် အသုံးမပြုရန်နှင့် အားမသွင်းရန် Vietjet မှ
ညွှန်ကြားထားကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

စမတ်ဖုန်းများအားသွင်းထားစဉ် ပေါက်ကွဲ၍ မီးလောင်သည့် အဖြစ်အပျက်များ
တွေ့ရှိနေရသည့်အတွက် ဗီယက်နမ်နိုင်ငံလေကြောင်း ညွှန်ကြားမှုဌာနမှ ထိုသို့ ထုတ်ပြန်ချက်
ထုတ်ပြန်ထားခြင်းဖြစ်ပြီး အခြားသော လေကြောင်းလိုင်းများကလည်း လေယာဉ်ပေါ်တွင်
စမတ်ဖုန်းများ အသုံးပြုခြင်းဆိုင်ရာများကို ထုတ်ပြန်မှုများ ရှိလာသည်ဟု ဆိုသည်။