ဂျပန်နိုင်ငံမှ The project for Human Resource Development Scholarship (JDS)
အစီအစဉ်ဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် Master of Business Administration (MBA)
ပညာသင်ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားပြီး သတ်မှတ်
အရည်အချင်းနှင့် ကိုက်ညီသည့် လူငယ်လူရွယ်များလျှောက်ထားနိုင်ကြောင်း မြဝတီသတင်း
တစ်ရပ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့က ဖော်ပြထားသည်။
ပညာသင်ဆု ပေးအပ်မည့် သင်တန်းများကို Economics/ Business Administration ၊
Master of Business Administration နှင့် Inform-ation and Communication
Technology(ICT) ဟူ၍ ခွဲခြားထားပြီး မိမိ ကြိုက်နှစ်သက်ရာကို လျှောက်ထားနိုင်ကြောင်း၊
ပညာသင်ဆုရရှိသူများသည် International University of Japan(IUJ) နှင့် Ritsumeikan
Asia Pacific University (APU) တို့၌ တက်ရောက်သင်ယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်အလုံးစုံကို
ဂျပန်နိုင်ငံအစိုးရမှ ကျခံပေးမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့် CV Form ၊
UMFCCI အသင်းချုပ် သို့မဟုတ် ညီနောင် အသင်းသားများမှ အသင်းသား ဖြစ်ကြောင်း
ထောက်ခံချက်၊ အသင်းဝင် ကုမ္ပဏီများမှ ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာ
ကုမ္ပဏီ၏ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ သုံးပုံ၊ UMFCCI အသင်းဝင်ကတ်
မိတ္တူ စသည်တို့နှင့်အတူ စက်တင်ဘာ ၂၃ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (UMFCCI) သို့ လူကိုယ်တိုင်
လာရောက်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန ဖုန်း- ဝ၁- ၂၃၁၄၃၄၄-၉
(လိုင်းခွဲ-၁၃၃၊ ၁၃၄)နှင့် အသင်းသားရေးရာ ဌာန ဖုန်း- ဝ၉- ၅ဝ၉၉၂၃၄ တို့သို့
ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
- The Myawady Daily









