မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုဗဟိုဌာန (မန္တလေး) တွင် ပြည်သူလူထုမှ ၂၄ နာရီ
သတင်းပေး ဆက်သွယ်ခေါ်ဆိုနိုင်သည့် Hot-Line ဖုန်း 199 အား စက်တင်ဘာ ၁၄ ရက်မှ
စတင်လက်ခံလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁၆ ရက်နေ့က ဖော်ပြထားသည်။
မန္တလေးခရိုင်အတွင်း ဆက်သွယ်ခေါ်ဆိုမည်ဆိုပါက ကြိုးဖုန်း၊ MPT ၊ Ooredoo ၊ Telenor ၊
MEC ဖုန်းများမှ မည်သည့်ဖုန်းဖြင့်မဆို 199 သို့ တိုက်ရိုက်ဆက်သွယ်ခေါ်ဆိုနိုင်ပြီး
တခြားတိုင်းဒေသကြီးနှင့် ခရိုင်များမှ ဆက်သွယ်ခေါ်ဆိုလိုပါက ဝ၂-၂၇၁၉၉ သို့ ခေါ်ဆိုနိုင်ကြောင်း
သိရသည်။
Hot- Line ဖုန်းနံပါတ် 199 အား ကွပ်ကဲမှုဗဟိုဌာန(မန္တလေး) တွင် ၂၄ နာရီအတွင်း ဖုန်း ရှစ်လုံးဖြင့်
တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လက်ခံပေး လျက်ရှိပြီး ပြည်သူများအနေဖြင့် မှုခင်းကျဆင်းရေးနှင့်
ဆိုင်သော သတင်းအချက်အလက်များ၊ ယာဉ်တိုက်မှုများနှင့် ပတ်သက်သော သတင်းများ
ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မှုခင်းကျဆင်းရေး၊ လုံခြံုရေး၊
တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအား ပြည်သူလူထုမှ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးအတွက်
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Facebook Page အား စက်တင်ဘာ ၁၅ ရက်တွင်
စတင်ဖတ်ရှုနိုင်မည်ဖြစ်ပြီး အဆိုပါ Page မှ သတင်းများကို ဖတ်ရှုလိုပါက
Mandalay Police Facebook Page အား Like ပြုလုပ်ထားနိုင်သည်ဟု ဆိုသည်။










