1st Education Fair အမည်ရှိ ပညာရေးဆိုင်ရာ ပြပွဲကြီး ကျင်းပမည်

1st Education Fair အမည်ရှိ ပညာရေးဆိုင်ရာ ပြပွဲကြီး ကျင်းပမည်

1st Education Fair အမည်ဖြင့် ပထမဆုံးပညာရေးဆိုင်ရာ ပြပွဲကြီးကို work.com.mm က
စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့၊ Mela Hotel Yangon ၏ Grand Ballroom (1) ၌
ကျင်းပသွားမည်ဖြစ်ကြောင်း work.com.mm ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေးမန်နေဂျာ
မကေခိုင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၁၆ ရက်က
ဖော်ပြထားသည်။

Education Fair ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပညာရေးကို အမြဲမပြတ်
လေ့လာသင်ယူနေပြီး အလုပ်အကိုင် အခွင့်အလမ်းတို့ကို ရှာဖွေရန် ဖြစ်ပြီး အဆိုပါပြပွဲကြီးသို့
လာရောက်လေ့လာခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေသူများအနေဖြင့် မိမိတို့
လိုအပ်သော အရည်အသွေးများအား ပိုမိုမြှင့်တင်ပေးမည့် သင်တန်းများကို မှန်မှန်ကန်ကန်
သိရှိရွေးချယ်နိုင်မည် ဖြစ်သည်။

အင်ဂျင်နီယာပညာရပ်များ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရပ်များနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
ပညာရပ်များအပြင် ဘွဲ့လွန်ဒီဂရီများလည်း ဖွင့်လှစ်ထားသော Chindwin College က
Main Sponsor အဖြစ်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး
အလုပ်ခွင်သို့ တိုက်ရိုက် ဝင်ရောက်နိုင်စေမည့် Carrie Academy Myanmar က Co-sponsor အဖြစ်
လည်းကောင်း ပါဝင်ကာ ပြည်တွင်းပြည်ပမှ ကျောင်းပေါင်းများစွာ ပါဝင်ပြသမည်ဖြစ်ပြီး အခြားသော
ပညာရေးနှင့် ပတ်သက်သည့် ပြခန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Education Fair တွင် ပါဝင်ပြသမည့် ပြည်တွင်းပြည်ပ သင်တန်းကျောင်းများမှ
သင်တန်းအလိုက် သင်တန်းကြေးလျှော့ချမှုများနှင့် Lucky Draw အစီအစဉ်များလည်း ပါဝင်မည့်အပြင်
work.com.mm က Photo Contest ပြိုင်ပွဲကျင်းပကာ ဆုလက်ဆောင်ပေးမည့် အစီအစဉ်များလည်း
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။