မုဒိတာပုံရိပ် ဘေးမဲ့ဥယျာဉ်၌ ကျွဲ၊ နွားအကောင် ၉ဝ ကျော်အား ဘေးမဲ့လွှတ်

မုဒိတာပုံရိပ် ဘေးမဲ့ဥယျာဉ်၌ ကျွဲ၊ နွားအကောင် ၉ဝ ကျော်အား ဘေးမဲ့လွှတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သစ်နီပင်စေတနာကျေးရွာ မုဒိတာပုံရိပ် ကျွဲ၊ နွားဘေးမဲ့
ဥယျာဉ်၌ သုဝဏ္ဏမြို့၊ ရန်ကုန်သစ်ရပ်ကွက်မှ မွန်ကျောင်းဆရာတော်အရှင်ပညာသီရိဦးဆောင်၍
အလှူရှင်ဒါယကာ၊ ဒါယိကာမများ ပူးပေါင်းကာ စက်တင်ဘာ ၁၈ ရက်က ကျွဲ၊ နွားကောင်ရေ
၉ဝ ကျော်အား ဘေးမဲ့လွှတ်ပွဲကြီးကို ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် စက်တင်ဘာလ ၁၉ ရက်က ဖော်ပြထားသည်။

သူတစ်ပါးအသက်ကို ကယ်တင်လျှင် သူတစ်ပါးသတ်၍ သေရမည့် ကံနှင့် မသေနိုင်သောကြောင့်
ယခုကဲ့သို့ ကျွဲ၊ နွားများဘေးမဲ့ပေးခြင်း၊ လှူဒါန်းခြင်းမှာ အလွန်ကုသိုလ်ရကြောင်း ဆရာတော်က
အခမ်းအနားတွင် မိန့်ကြားခဲ့သည်။

အဆိုပါ ကျွဲ၊ နွားများသည် ဆရာတော်ထံသို့ စေတနာရှင်များက လာရောက်လှူဒါန်းထားသော
ကျွဲ၊ နွားများ ဖြစ်ကြောင်း၊ ကျွဲ၊ နွားများကို သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ
လှူဒါန်းထားသော မြေဧက ၆ဝ နှင့် အရှင်ပညာသီရိ ကိုယ်တိုင် ဝယ်ယူထားသော မြေဧက ၅ဝ
စုစုပေါင်း ဧက ၁၁ဝ အတွင်း ဘေးမဲ့လွှတ်ပေးခဲ့ပြီး ဒေသခံဝန်ထမ်း ခြောက်ဦးဖြင့်
စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆရာတော် အရှင်ပညာသီရိနှင့် ပရဟိတအဖွဲ့သည် ယမန်နှစ်က ရေကြီးမှုဖြစ်ပွားစဉ်က
ရခိုင် ပြည်နယ်အတွင်းရှိ မင်းပြား၊ မြောက်ဦး အစရှိသော မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသ
အချို့တို့တွင် တောင်သူများ၏ ကျွဲ၊ နွားလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် နိုင်ငံတော်မှ
ဖမ်းဆီးရမိသည့် ကျွဲ၊ နွားများအား လေလံဆွဲဝယ်ယူကာ ကျွဲ၊ နွားအကောင် ၂ဝဝ ခန့်ကို
လှူဒါန်းပေးခဲ့ကြောင်း၊ အဆိုပါ ကျွဲ၊ နွားများကို မရောင်းရ၊ သတ်မစားရဟူသော အာမခံစာချုပ်များဖြင့်
ဒေသခံတောင်သူ လယ်သမားများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွဲ၊ နွားနှင့် အခြားတိရ္ဆာန်များ
လှူဒါန်းလိုသူများအနေဖြင့် သုဝဏ္ဏမြို့၊ ရန်ကုန်သစ်ရပ်ကွက်ရှိ မွန်ကျောင်းဆရာတော်
ဖုန်း-ဝ၉-၅၄ဝ၅၂၉၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖော်ပြထားသည်။

- MOI Webportal Myanmar