စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် USAID တို့
ပူးပေါင်း၍ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအား National Trade Portal and Trade
Repository Website မိတ်ဆက်သည့် အခမ်းအနားကို စက်တင်ဘာ ၁၄ ရက်က မန္တလေးမြို့
ဆီဒိုးနားဟိုတယ် အမရပူရခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
National Trade Portal and Trade Repository website ကို မေလ ၂၆ ရက်က
ဒုတိယသမ္မတ တက်ရောက်ပြီး တရားဝင်လွှင့်တင်ပွဲအခမ်းအနားဖြင့် စတင်ထုတ်လွှင့်ခဲ့ပြီး
ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် မိတ်ဆက်သည့် အခမ်းအနားအား ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌
ဇူလိုင် ၁၄ ရက်က ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ Website တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ
ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို
လွယ်လွယ်ကူကူသိရှိစေရန်နှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကို အထောက်အကူဖြစ်စေရန်
အချိန်နှင့် ကုန်ကျစရိတ်သက်သာစေရန်တို့ဖြစ်ကြောင်း၊ ကုန်စည်များတင်သွင်း၊ တင်ပို့လိုသည့်
လုပ်ငန်းရှင်များအတွက် သတင်းအချက်အလက်များကို လွယ်လွယ်ကူကူ ရရှိနိုင်မည်ဖြစ်ကြောင်း
ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက အဆိုပါအခမ်းအနားတွင်
ပြောကြားခဲ့သည်။
Website ကို အောင်မြင်စွာ လွှင့်တင်နိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပြုလုပ်သူများသာမက
ရင်းနှီးမြှုပ်နှံသူများ၊ သုတေသနပညာရှင်များ အစရှိသည့် နယ်ပယ်စုံမှ လူများအနေဖြင့် ကုန်သွယ်မှု
အချက်အလက်များကို အချိန်တိုအတွင်း ရှာဖွေသိရှိနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက်
နိုင်ငံတော်အတွက် ကုန်သည်လုပ်ငန်းရှင်များအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း
၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
- MOI Webportal Myanmar









