ပြည်တွင်း၌ ဒရုန်းအသုံးပြုမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို ၂၀၁၇ ခုနှစ်တွင် ထွက်နိုင်ရန် စီစဉ်

ပြည်တွင်း၌ ဒရုန်းအသုံးပြုမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို ၂၀၁၇ ခုနှစ်တွင် ထွက်နိုင်ရန် စီစဉ်

 

မြန်မာနိုင်ငံအတွင်း ဒရုန်းအသုံးပြုမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိနိုင်ရန်
လုပ်ဆောင် လျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးအောင်ကျော်အေး၏ ပြောကြားချက်ကို ကိုးကားကာမြဝတီ
သတင်းတစ်ရပ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ဖော်ပြ ထားသည်။

မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ်များကို အလေးချိန်နှင့် စွမ်းဆောင်မှုအပေါ်မူတည်၍ ခွဲခြား
သတ်မှတ်ပြီး စနစ်တကျမှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်းအသုံးပြုခွင့်လက်မှတ်ထုတ်ပေးခြင်းနှင့်
မြေပြင်မှ ထိန်းချုပ်မောင်းနှင်သူများကို စိစစ်ခြင်း စသည့် ဒရုန်းအသုံးပြုမှုဆိုင်ရာများ ပါ၀င်သည့်
အမိန့်ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ သတ်မှတ်စံနှုန်းများနှင့်အညီ
ဆောင်ရွက်ရန် ကျန်ရှိနေသေးသောကြောင့် လာမည့်နှစ်တွင် ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း၊
နိုင်ငံတကာရှိ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို အခြေခံကာ လက်ရှိပြုစုထားသော
ဒရုန်းအသုံးပြုမှုဆိုင်ရာ မူကြမ်းကို မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိအောင် ကဏ္ဍအလိုက်
ရေးဆွဲပြုစုထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားများ တောင်းခံထားပြီးဖြစ်ကြောင်း
၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဒရုန်းအသုံးပြုမှုဆိုင်ရာ Advisory Circular (AC) မူကြမ်းတွင် အများပြည်သူ
လုံခြံုဘေးကင်းမှုကို အထူးအလေးထားရေးဆွဲပြီး မှတ်ပုံတင်ခြင်းအပါအဝင် ဒရုန်းအသုံးပြုမှုဆိုင်ရာ
စည်းကမ်းသတ်မှတ်ချက် များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။

ထို့ပြင် စီးပွားရေး လုပ်ငန်းသုံး ဒရုန်းများအတွက် ခွင့်ပြုချက် ၂ မျိုး ဖြင့် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး
ကောက်ခံမည့် နှုန်းထားများကိုလည်း ဌာနမှ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

The Myawady Daily