စက်တင်ဘာ ၃ဝ ရက်တွင် ကျရောက်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှော်ကား
သဘာဝဥယျာဉ်၏ (၂၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိရစ္ဆာန်များကို အစာကျွေးမွေးရန်
လာရောက်ကြသူများအား တိရစ္ဆာန်အစာများ အခမဲ့ဝေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ
အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
လှော်ကားဥယျာဉ်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးရဲလင်းစိုး၏ ပြောကြားချက်အရ
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၁၉ ရက်က ဖော်ပြထားသည်။
တောရိုင်းတိရစ္ဆာန်များနှင့် ဆောင်းခိုငှက်များ လာရောက်ကျက်စားသည့် လှော်ကားနယ်မြေကို
၁၉၅၆ ခုနှစ်တွင် ဆဋ္ဌမသင်္ဂါယနာတင်အထိမ်းအမှတ်အဖြစ် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး
၁၉၈၁-၁၉၈၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်တို့ ပူးပေါင်းပြီး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသားဥယျာဉ်များ တည်ထောင်ရေးစီမံကိန်း အစီအစဉ်အရ
လှော်ကားသဘာဝဥယျာဉ်အဖြစ် တည်ထောင်ခဲ့သည်ဟု ဆိုသည်။
လှော်ကားသဘာဝဥယျာဉ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၃ဝ ရက်တွင် ပြည်တွင်းပြည်ပ
ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှုလေ့လာနိုင်စေရန် စတင်ဖွင့်လှစ်ပေးခဲ့သည်။
လှော်ကားသဘာဝဥယျာဉ်သည် ရန်ကုန်မြို့နှင့် အနီးဆုံးသဘာဝဥယျာဉ်ဖြစ်ကာ ၆၂ ဧက
ကျယ်ဝန်းသော တိရစ္ဆာန်ဥယျာဉ်ငယ်၊ ၈၁၈ ဧက ကျယ်ဝန်းသည့် သဘာဝဥယျာဉ်နှင့် ကြားခံနယ်မြေ
၆၆ဝ ဧကရှိကာ ကျေးငှက်တိရစ္ဆာန်များကို သဘာဝအတိုင်း လေ့လာနိုင်သည့် နေရာဖြစ်ကြောင်း
သိရသည်။










