e-Lottery ဖွင့်လှစ်နိုင်ရန် အမေရိကန် အပါအဝင် နိုင်ငံအချို့မှ နည်းပညာကုမ္ပဏီများက ဆက်သွယ်

e-Lottery ဖွင့်လှစ်နိုင်ရန် အမေရိကန် အပါအဝင် နိုင်ငံအချို့မှ နည်းပညာကုမ္ပဏီများက ဆက်သွယ်

မြန်မာနိုင်ငံ၌ နည်းပညာအသုံးပြုထီ (e-Lottery) ဖွင့်လှစ်နိုင်ရန် အမေရိကန်နိုင်ငံ အပါအဝင်နိုင်ငံအချို့မှ
နည်းပညာကုမ္ပဏီများက စိတ်ဝင်စားစွာ ဆက်သွယ်ထားကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ဖော်ပြထားသည်။

လက်ရှိတွင် ထီဂဏန်း စိတ်ကြိုက်ရွေးချယ်ကံစမ်းနိုင်သည့် e-Lottery စနစ်ကို စတင်ကျင့်သုံးနိုင်ရန်
ပြင်ဆင်နေခြင်းကြောင့် အတွေ့အကြံုရှိ ပြည်ပနည်းပညာကုမ္ပဏီဖြစ်သည့် အမေရိကန်နိုင်ငံအပါအဝင်
မလေး ရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဟောင်ကောင်တို့မှ ကုမ္ပဏီ များက လာရောက်
ဆက်သွယ်နေကြခြင်းဖြစ်သည်။

သို့ရာတွင် အောင်ဘာလေထီဥပဒေအတည်ပြုထွက်ရှိပြီးမှသာ နိုင်ငံ တကာရှိ e-Lottery ထီလုပ်ငန်း
ကျွမ်းကျင် ပညာရှင်ကို ငှားရမ်းပြီး စိတ်ဝင်စားသည့် ကုမ္ပဏီများ ကို တင်ဒါခေါ်ယူယှဉ်ပြိုင်စေမည်
ဖြစ်ကြောင်း၊ တင်ဒါဖိတ်ခေါ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည့် ကုမ္ပဏီ အများ အပြားရှိနိုင်သော်လည်း
လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ ကုမ္ပဏီတစ်ခု တည်းသာ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ထီလက်မှတ်စနစ်ကိုသာ ကျင့်သုံးနိုင်ပြီး အဆိုပါထီလက်မှတ်စနစ်တွင်
ထီထိုးသူများ သတ်မှတ်ထီလက်မှတ်ခ နှုန်းထက်ပို၍ ဝယ်ယူကံစမ်းကြရခြင်းနှင့် ထီကံစမ်းလိုသည့်
ဂဏန်း ကိုလည်း စိတ်ကြိုက်ရွေးချယ်ခွင့်မရှိခြင်းစသည့် အားနည်းချက်များ ရှိနေခြင်းကြောင့်
အီလက်ထရွန်နစ်ထီစနစ်ကို ဆက်လက်ကျင့်သုံးနိုင် ရန်ပြင်ဆင်နေခြင်း ဖြစ်သည်။

နည်းပညာအသုံးပြုထီ e-Lottery ကို ၂ဝ၁၇ ခုနှစ်အတွင်း စတင်နိုင်ရန် မျှော်မှန်းထားပြီး
ထီဖွင့်လှစ်ပါက လည်း လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ထီလက်မှတ်စနစ်ကို ဖျက်သိမ်းမည်
မဟုတ်ဘဲ ဆက်လက်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။