နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အထွေထွေမူဝါဒရေးရာမိန့်ခွန်း ပြောကြားမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အထွေထွေမူဝါဒရေးရာမိန့်ခွန်း ပြောကြားမည်

ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်
စက်တင်ဘာလ ၂၁ ရက်နေ့တွင် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အထွေထွေမူဝါဒ
ရေးရာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
စက်တင်ဘာလ ၂၀ ရက်နေ့ကဖော်ပြထားသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံ၏ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများမှ အထွေထွေမူဝါဒရေးရာ
မိန့်ခွန်း ပြော ကြားမှုအစီအစဉ်ကို ၂၀-၉-၂၀၁၆ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ တွင် စတင်
ဖွင့်လှစ်မည်ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်း
အတွက် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမည့် ပုဂ္ဂိုလ်များစာရင်းတွင် (၁၄) ဦးမြောက်
ဖြစ်သည်ဟု ဆိုသည်။

အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုများကို နေ့စဉ် ဒေသစံတော် ချိန် ၉ နာရီမှ စတင်ပြီး
နိုင်ငံအကြီးအကဲ/အစိုးရအဖွဲ့အကြီးအကဲတစ်ဦး အတွက် မိန့်ခွန်းပြောကြားချိန် (၁၅) မိနစ်
ကန့်သတ်ထားခြင်းဖြစ်သည်။

နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခြင်းဖြစ်သောကြောင့်
အလေးပေးဆွေးနွေးမည့် ဘာသာရပ် ခေါင်းစဉ်ကို နှစ်စဉ်ရွေးချယ်သတ်မှတ်လေ့ရှိပြီး ယခုနှစ်အတွက်
ဘာသာ ရပ်ခေါင်းစဉ်မှာ “The Sustainable Development Goals: a universal push to
transform our world” ဖြစ်ကြောင်း သိရသည်။

အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်၏ တိုက်ရိုက် ထုတ်လွှင့်မှုကို
https://gadebate. un.org/en တွင် ကြည့်ရှုနိုင် ကြောင်းနှင့် ဒေသစံတော်ချိန်(နယူးယောက်မြို့)သည်
မြန်မာစံတော် ချိန် (ရန်ကုန်မြို့) ထက် ၁၀ နာရီနှှင့် ၃၀မိနစ် နောက်ကျကြောင်း ဖော်ပြထားသည်။