ရှုခင်းများ ကြည့်ရှုနိုင်ရန် ခရီးသွားဧည့်သည်များကို မီးပုံးပျံဖြင့် ပို့ဆောင်ပေးသည့်
လုပ်ငန်းသည် ရာသီဥတုအခြေအနေကြောင့်လေးလကျော်ရပ်နားထားခဲ့ရာမှ
ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်
သတင်းပြန်ကြားရေးဌာနခွဲ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၂၀ ရက်က ဖော်ပြထားသည်။
ရာသီဥတုကောင်းမွန်မှသာ ပျံသန်းနိုင်သောကြောင့် လေးလကျော်ရပ်နားထားသော
မီးပုံးပျံလုပ်ငန်းကို ပွင့်လင်းရာသီပြန်လည်ရောက်ရှိလာသဖြင့် ပြန်လည်စတင်လုပ်ကိုင်တော့မည်
ဖြစ်ကြောင်း၊ လေတိုက်ရာအရပ်၊ လေတိုက်နှုန်းများနှင့် ပျံသန်းရခြင်းဖြစ်ပြီး အထူးသဖြင့်နိုင်ငံခြား
ခရီးသွားဧည့်သည်များ နှစ်ခြိုက်ကြကြောင်း ၄င်းက ပြောကြားခဲ့သည်။
မီးပုံးပျံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီလေးခုရှိပြီး မီးပုံးပျံ အလုံးရေ ၃၂ လုံးရှိကြောင်း၊
မီးပုံးပျံ စီးနင်းခအနေဖြင့် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ဝ မှ ၃၈ဝ အထိ ရှိကြောင်း
သိရသည်။ မီးပုံးပျံကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ အများဆုံးပျံသန်းပြီး အင်းလေး၊
မုံရွာ၊ မန္တလေး၊ ပခုက္ကူနှင့် မော်လမြိုင် စသည့်ဒေသတို့၌လည်း ပျံသန်းမှုများ ရှိကြောင်း
သိရသည်။
The Myawady Daily










