အမေရိကန်သံအမတ်ကြီးက ဒေါ်လာ ၁၀သန်းကျော် ပံ့ပိုးပေးမည့်ချေးငွေအာမခံချက်် အစီအစဉ်ကို ကြေညာခဲ့

အမေရိကန်သံအမတ်ကြီးက ဒေါ်လာ ၁၀သန်းကျော် ပံ့ပိုးပေးမည့်ချေးငွေအာမခံချက်် အစီအစဉ်ကို ကြေညာခဲ့

မြန်မာနိုင်ငံမှ အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်
ချေးပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမစ္စတာစကော့
မာရှယ်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင်
စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က
ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူများနှင့် အစိုးရသစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး
ကြိုးပမ်းမှုများကို ပံံ့ပိုးပေးရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း၊ စက်တင်ဘာ၁၄ ရက်နေ့က
ထုတ်ပြန်ခဲ့သော အမေရိကန်-မြန်မာ နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် မြန်မာနို်င်ငံမှ အသေးစား
စီးပွားရေးလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ပံ့ပိုးပေးမည့် ချေးငွေအာမခံချက််
ကတိကဝတ်များ ပါ၀င်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် USAID မစ်ရှင်ဒါရိုက်တာနှင့် အသေးစားချေးငွေအသင်းအဖွဲ့
ငါးဖွဲ့ ဖြစ်သည့် ASAMicrofinance (Myanmar) Limited ၊ LOLC Myanmar Microfinance
Company Limited ၊ Myanmar Development Partners Company Limited ၊ Pact Global
Microfinance Fund နှှင့် Proximity Design တို့က ချေးငွေ သဘောတူညီချက်လက်မှတ်
ရေးထိုးခဲ့ကြပြီး သဘောတူညီချက်ကို စတင်သည့်နေ့မှ ခုနှစ်နှစ်ကြာ အကောင်အထည်ဖော်
ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ သဘောတူညီချက်အရငွေချေးသူ ၅၀၀၀ ကျော်ကို
အကူအညီပေးနိုင်မည်ဖြစ်ပြီး အမျိုးသမီးပိုင် လုပ်ငန်းအများစုကို ချေးပေးသွားမည်ဖြစ်သည်။
လက်ရှိချေးပေးသော ပမာဏမှာ ဒေါ်လာ ၂၀၀ ဖြစ်ပြီး ဒေါ်လာ၅၀၀၀ ထိချေးယူနိုင်မည်ဖြစ်ရာ
စီးပွားရေးလုပ်ငန်းကြီးထွားလာအောင် လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။

ချေးငွေမရရှိနိုင်ခြင်းသည် မြန်မာနိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းများကြီးထွားမှုကို
ကန့်သတ်နေသောကြောင့်ငွေကြေးဆိုင်ရာ ကွာဟချက်ကို ဖြည့်နိုင်ရန် ပြည်တွင်းပုဂ္ဂလိက
အရင်းအနှီးများကို လက်တွဲခေါ်ယူသည့်အနေဖြင့် USAID ၏ ချေးငွေအာမခံအစီအစဉ် (Loan
guarantee Program) ကို အသုံးပြုမည်ဖြစ်ကြောင်း၊ ချေးငွေလက်လှမ်းမီအောင်လုပ်ပေးခြင်း
သို့မဟုတ် ချေးငွေကို ပိုမိုကောင်းမွန်သော သတ်မှတ်ချက်ဖြင့် ထုတ်ပေးခြင်းတို့ကြောင့်
ရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင်ဖန်တီးမှုများ၊ စီးပွားရေး ကြီးထွားမှုနှုန်းများ တိုးတက်လာနိုင်ကြောင်း
ဖော်ပြထားသည်။

MOI Webportal Myanmar