ပြင်ဦးလွင်ရှိ အချို့သောရထားလုံးမြင်းယာဉ်များတွင် ယခင်က အသုံးပြုခဲ့သော သစ်သား
အိမ်ဘော်ဒီကို အမိုးပိုင်းတစ်ဝက်ဖြုတ်ချကာ ရောင်စုံပလတ်စတစ်ဖျင်မိုးကာစတို့ဖြင့်
အစားထိုး၍ အသစ်အဆန်းပုံစံဖြင့် ပြုလုပ်ပြေးဆွဲလာကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ၂၁ ရက်နေ့က ဖော်ပြထားသည်။
ဧည့်သည်များ စိတ်ဝင်စား၍ ငှားရမ်းသူများပြားသည့်အတွက်မြင်းယာဉ်ပိုင်ရှင်တို့မှလည်း
မိမိတို့မြင်းယာဉ် အစဉ်လှပအောင်နှစ်စဉ်ဆေးအသစ်သုတ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊
လိုအပ်သည့် ပစ္စည်းအသစ်အဆန်းတို့ကို ငှားရမ်းသူ ပိုမိုစိတ်ပါဝင်စားအောင်
ထည့်သွင်းတပ်ဆင်ခြင်းတို့ကို အမြဲပြုလုပ်ကြခြင်းဖြစ်သည်။ပြင်ဦးလွင်မြို့ရှိ မြင်းရထားခေါ်
ရထားလုံးများသည် မြို့၏ အမှတ်အသားအထင်ကရတစ်ခုအနေဖြင့် ရှေးယခင်ကပင်
တည်ရှိခဲ့ပြီး ပြည်တွင်း၌သာမက ကမ္ဘာတွင်ပါ ထင်ပေါ်ကျော်ကြားလျက်ရှိရာ
ယနေ့ထက်တိုင် မြို့တွင်း၌ တစ်ခုတည်းသော အနှေးယာဉ်အဖြစ်
အသုံးပြုပြေးဆွဲလျက် ရှိသည်။
ပြင်ဦးလွင်ရှိ မြင်းယာဉ်များသည် အမိုးအကာ လုံလုံခြံုခြံုနှင့်လေးထောင့်ရထား
တွဲပုံစံအသွင် ထူးဆန်းနေပြီး မြို့၏တောင်ကုန်းတောင်တက်များလှသော မြေမျက်နှာပြင်
အနေအထားအရ ရှေ့နှစ်ဘီးနောက်နှစ်ဘီး စုစုပေါင်း ဘီးလေးဘီးဖြင့် တခြားသောမြို့၊
ရွာများရှိ မြင်းယာဉ်များနှင့် ပုံသဏ္ဌာန် လုံးဝကွဲပြားခြားနားနေခြင်းကြောင့် ပြင်ဦးလွင်သို့
လာရောက်လေ့လာလည်ပတ်သူတို့ အထူးနှစ်ခြိုက်ကာ ငှားရမ်းစီးနင်းခြင်း၊ ယှဉ်တွဲ၍
အမှတ်တရဓာတ်ပုံရိုက်ခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အပေါ်အမိုးပိုင်းအသားနေရာတွင် ရောင်စုံဖျင်မိုးကာစများ အစားထိုး
အသုံးပြုလာခြင်းကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ပိုမိုရရှိလာသည့်အပြင်
မိုးမရွာသည့် အချိန်တို့၌ အပေါ်အမိုးဖွင့်၍မောင်းနှင်နိုင်ခြင်း၊ စီးနင်းသူဧည့်သည်တို့မှ
ရှုခင်းရှုကွက်တို့ကိုမြင်ကွင်းကျယ် ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်ခြင်း၊ လေကောင်းလေ
သန့်ရှုရှိုက်ခွင့်ရခြင်း စသည့် အကျိုးကျေးဇူးတို့ရရှိကြသဖြင့် ပုံစံသစ်
ရထားလုံးမြင်းယာဉ်များကို ငှားရမ်းစီးနင်းသူတို့ အထူးနှစ်ခြိုက်လျက်ရှိကြောင်း
သိရသည်။
MOI Webportal Myanmar










