သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားပုထိုးစေတီပေါင်း ၄ဝဝ နီးပါးကို
စနစ်တကျပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရာတွင် ငြမ်းဆင်ကျွမ်းကျင်သူများ လိုအပ်နေကြောင်း
ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၏ ပြောကြားချက်ကို
ကိုးကားကာပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင် ဘာ ၂၁ ရက်က
ဖော်ပြထားသည်။
ငလျင်ဒဏ်သင့်ဘုရားများ ပြန်လည်ပြုပြင်ရန်အတွက် သင်တန်းပေးခြင်းများကို
ဆောင်ရွက်ခဲ့သည့်အပြင် သန့်ရှင်းရေးဆောင်ရွက်မှုများလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ
လက်ရှိတွင်ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းလုပ်ဆောင်မှုမှာ ပြီးစီးလုနီးပါးဖြစ်သော်လည်း
အထက်ပစ္စယံများ၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ငြမ်းဆင်ကျွမ်းကျင်သူများ
လိုအပ်နေကြောင်း၊ စူဠာမဏိ၊ စေတနာကြီး၊ တရုတ်ပြေး၊ ထီးလိုမင်းလိုနှင့်သဗ္ဗညုစေတီများမှာ
အတော်အတန်မြင့်သောကြောင့် ပစ္စယံများတွင် အနည်းဆုံး ငြမ်း သုံး၊ လေးဆင့်ခန့် ဆင်ပြီးမှသာ
ရှင်းလင်းရေးလုပ်ငန်းများကို စတင်နိုင်မည်ဖြစ်ကြောင်း ဦးစိုးတင့်က ရှင်းလင်းပြောကြားခဲ့သည်။
ငလျင်ဒဏ်သင့်ခဲ့သည့် ဘုရားပုထိုးစေတီများကို ပြန်လည်ပြုပြင်ရန်အတွက် ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုဂံရှေးဟောင်း
ယဉ်ကျေးမှုပြတိုက်၊ စူဠာမဏိစေတီနှင့် အာနန္ဒာစေတီတို့တွင် အလှူခံဌာနများဖွင့်လှစ်ထားပြီး
အဆိုပါအလှူခံဌာနများသို့ လက်ရှိအချိိန်အထိ လာရောက်လှူဒါန်းသည့် အလှူငွေမှာ
ကျပ်သိန်းပေါင်း ၂၆ဝဝဝကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။










